သွားရောက်လည်ပတ်ရန် လုံခြုံမှုအရှိဆုံး နေရာအဖြစ် သုံးနှစ်ဆက်တိုက် စင်ကာပူ သတ်မှတ်ခံရ

သွားရောက်လည်ပတ်ရန် လုံခြုံမှုအရှိဆုံး နေရာအဖြစ် သုံးနှစ်ဆက်တိုက် စင်ကာပူ သတ်မှတ်ခံရ

စင်ကာပူနိုင်ငံသည် သွားရောက်လည်ပတ်ရန် အလုံခြုံဆုံးနေရာအဖြစ် သုံးနှစ်ဆက်တိုက်သတ်မှတ်ခံထားရကြောင်း ဂဲလပ်စစ်တမ်း၏ ဥပဒေနှင့် ငြိမ်ဝပ်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

;ဂဲလပ်၏ ဥပဒေနှင့် ငြိမ်ဝပ်မှုအညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှ နိုင်ငံသားများစွာတို့အား မေးမြန်းကာ စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ ရမှတ် ၁၀ဝ ထဲမှ အဆင့်သတ်မှတ်ထားခြင်းဖြစ်သည်။

ဒေသခံရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု၊ ပုဂ္ဂလိကလုံခြုံမှုနှင့် ပစ္စည်းအခိုးခံရမှု၊ တိုက်ခိုက်ခံရမှုနှင့် လုယက်ခံရမှုတို့ရှိမရှိတို့ကို မေးမြန်းကာ စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့သည် စင်ကာပူသည် ပေးမှတ် ၁၀ဝ အနက် ၉၇ မှတ်ရရှိပြီး ထိပ်ဆုံးတွင် ဦးဆောင်ခဲ့သည်။ ထို့ပြင် စင်ကာပူသည် ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင်လည်း ရမှတ် ၉၃ ရရှိကာ လုံခြုံမှုအရှိဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

ဒုတိယလုံခြုံမှုအရှိဆုံးနိုင်ငံများတွင် နော်ဝေ၊ အိုက်စလန်နှင့် ဖင်လန်တို့က ရမှတ် ၉၃ မှတ်တို့ဖြင့် အသီးသီးရပ်တည်ခဲ့သည်။ လုံခြုံမှုအရှိဆုံး ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လာသည့် အခြားအာရှနယ်မြေနှင့် နိုင်ငံတို့မှာ ဟောင်ကောင်နှင့် အင်ဒိုနီးရှားတို့ဖြစ်ပြီး ရမှတ် ၉၁ နှင့် ၈၉ မှတ်တို့ အသီးသီးရရှိခဲ့သည်။

စစ်တမ်းအောက်ဆုံးတွင်မူ ဗင်နီဇွဲလားက ရမှတ် ၄၄ မှတ်ဖြင့် လုံခြုံမှုအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေကာ အာဖဂန်နစ္စတန်သည်လည်း ရမှတ် ၄၅ မှတ်ဖြင့် လုံခြုံမှုနည်းသည့် နိုင်ငံအဖြစ် ဖော်ပြခံထားရသည်။ ကိုယ့်ရပ်ကွက်၌ ညအချိန်တွင် တစ်ဦးတည်းလမ်းလျှောက်ရသည်နှင့်ပတ်သက်၍ လုံခြုံမှုရှိကြောင်း ဗင်နီဇွဲလားနိုင်ငံသား ၁၇ ရာခိုင်နှုန်းနှင့် အာဖဂန်သား ၂၀ ရာခိုင်နှုန်းတို့က ၂၀၁၇ ခုနှစ်တွင် ပြောဆိုခဲ့သည်။

ယမန်နှစ်တွင်း ငွေကြေးနှင့် ပစ္စည်းများအခိုးခံခဲ့ရကြောင်း ဗင်နီဇွဲလားနိုင်ငံသား ၄၂ ရာခိုင်နှုန်းတို့ကပြောဆိုခဲ့ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် စစ်တမ်းဖြေဆိုသူ ၆၉ ရာခိုင်နှုန်းက ဒေသခံရဲတပ်ဖွဲ့အပေါ် ယုံကြည်ကြောင်း ပြောဆိုခဲ့ပြီး ၆၈ ရာခိုင်နှုန်းက ညအချိန်တစ်ဦးတည်းလမ်းလျှောက်ရသည့်အခါတွင် လုံခြုံမှုရှိကြောင်း ပြောဆိုခဲ့သည်။

ညအချိန်တစ်ဦးတည်းလမ်းလျှောက်ရသည့် အခါတွင် လုံခြုံမှုရှိကြောင်း စင်ကာပူ၌ နေထိုင်သူ ၉၄ ရာခိုင်နှုန်းနှင့် အနောက်ဥရောပနိုင်ငံများတွင် နေထိုင်သူ ၈၀ ရာခိုင်နှုန်းတို့ကပြောဆိုခဲ့ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။