ဆူမာတြားကျွန်းရှိ တိုဘာရေကန်တွင် ဇွန် ၁၈ ရက်က ကူးတို့သင်္ဘောတစ်စီးနစ်မြုပ်၍ အနည်းဆုံး ၁၉၂ ဦး ပျောက်ဆုံးခဲ့မှုအတွက် ပိုမိုကျယ်ပြန့်သည့် ရှာဖွေမှုများပြုလုပ်ပေးရန် အစိုးရကို ကျန်ရစ်သူမိသားစုဝင်များက တောင်းဆိုခဲ့သည်။သစ်သားထည်ကူးတို့သင်္ဘောသည် ခရီးသည်များ ပြည့်ကျပ်စွာတင်ဆောင်ထားပြီး ဒါဇင်ချီသော မော်တော်ဆိုင်ကယ်များလည်း သယ်ဆောင်ခဲ့ကာ ကုန်တင်စာရင်းလည်း မှန်ကန်စွာဖြည့်စွက်မထားပေ။ ခရီးသည်တင်ရေယာဉ်များ၏ အခြေခံလုံခြုံရေးစည်းမျဉ်း များလိုက်နာရေး ကြီးကြပ်ရန်ပျက်ကွက်မှုဖြင့် အစိုးရကို ပြစ်တင်ဝေဖန်မှုများလည်းဖြစ် ပေါ်လျက်ရှိသည်။
ဇွန် ၁၈ ရက် ညနေခင်း ကူးတို့နစ်မြုပ်ချိန်တွင် ရာသီဥတုဆိုးရွားနေပြီး အသက်ရှင် ကျန်ရစ်သူ ၁၈ ဦးသာ ကယ်ဆယ်ရရှိခဲ့သည်။ နစ်မြုပ်ဖယ်ရီအတွင်း ခရီးသည်များပိတ်မိ နေဖွယ်ရှိကြောင်း မြောက်ဆူမာတြားပြည်နယ်ရဲမှူးက ပြောသည်။ ရှာဖွေရေးနှင့် ကယ်ဆယ် ရေးလုပ်ငန်းများနှောင့်နှေးပြီး ထိရောက်မှုနည်းပါးကြောင်း ဝေဖန်ပြစ်တင်မှုများထွက် ပေါ်ခဲ့သည်။
ကယ်ဆယ်ရေးလုပ်သား ၃၅၀ ကျော်အနက် ရေငုပ်သမားများသည် ရေအနက် ၂၅ မီတာ(၈၂ ပေ)အနက်တွင်ရှာဖွေနေပြီး ရေအောက်သုံးလူမဲ့ယာဉ်ငယ်ကိုလည်း ရေအောက် မီတာ ၂၀ဝ(၆၅၆ ပေ)အထိ ပို့ဆောင်ရှာဖွေမည်ဆိုသည်။
တိုဘာရေကန်သည် ၁၁၄၅ စတုရန်းကီလိုမီတာ(စတုရန်းမိုင် ၄၄၀)ကျယ်ဝန်းပြီး ရှေးဟောင်းမီးတောင်တစ်ခုရှိကာ ဆူမာတြား၌ ထင်ရှားသည့်ရှုခင်းကြည့်ဒေသတစ်ခုဖြစ်သည်။
ရေကန်၏ရေအနက်မှာ မီတာ ၄၀ဝ(၁၃၁၂ ပေ)ကျော်အထိ နက်ရှိုင်းကြောင်း အစိုးရ၏သတင်းအချက်အလက်များအရ သိရသည်။

















