FDA မှ ဒုတိယဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ခဲ့သည်ဆိုမှုဖြင့် မျိုးဇော်ဦး(ခ) ဆီဒိုးနားကို သေဒဏ်ကျခံစေရန် ခရိုင်တရားရုံး အမိန့်ချ

FDA မှ ဒုတိယဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ခဲ့သည်ဆိုမှုဖြင့် မျိုးဇော်ဦး(ခ) ဆီဒိုးနားကို သေဒဏ်ကျခံစေရန် ခရိုင်တရားရုံး အမိန့်ချ

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ဒုတိယဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ခဲ့သည်ဆိုမှုဖြင့်  အမှုရင်ဆိုင်နေရသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားကို   အရှေ့ပိုင်းခရိုင်တရားရုံး တွဲဘက်ခရိုင်တရားသူကြီးက  သေဒဏ်ကျခံစေရန် ဇွန် ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

အမိန့်စီရင်သုံးသပ်ချက်တွင် "မျိုးဇော်ဦးက သေဆုံးသူထံမှ ပစ္စည်းလုယူရန် ကြိုးပမ်းခဲ့ပြီး ၀က်အူလှည့်ဖြင့် ထိုးကာ လူသတ်မှုကိုလည်း ကျူးလွန်ခဲ့သည်။ ထို့ပြင် အလောင်းစွန့်ပစ်ရန်အတွက် ကားနောက်ခန်းအတွင်းမှ ထုတ်ယူစဉ် သေဆုံးသူအမျိုးသမီး၏ မပေါ့တပေါ် ခန္ဓာကိုယ်အနေအထားကို တွေ့မြင်ခဲ့ပြီး ကာမ ဆက်ဆံမှုနှင့် ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်မှုကိုလည်း ကျူးလွန်ခဲ့ကြောင်း၊ ဆေးစာပြန်ကြားချက်အရ သေဆုံးသူအမျိုးသမီး၏ အမျိုးသမီးအင်္ဂါနှင့် စအိုတို့တွင် သုတ်ပိုးမတွေ့ရှိဟု ဆိုနိုင်သော်လည်း ဆေးစာ စစ်ဆေးချက်များအရ မုဒိမ်းပြုကျင့်ခဲ့သည့် လက္ခဏာများ ဖြစ်ကြောင်း မှတ်ယူရမည့် လတ်တလော ထိုးသွင်း ဒဏ်ရာများ၊ ပွန်းရှဒဏ်ရာများ တွေ့ရှိရကြောင်း၊ အမှုဖြစ်ပွားစဉ် လုယူခဲ့သည်ဆိုသည့် ပစ္စည်းများနှင့် စွန့်ပစ်ခဲ့သည့် ပစ္စည်းများမှာလည်း မျိုးဇော်ဦးလိုက်လံပြသသဖြင့် သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့ခြင်းသည် ခိုင်လုံသော အမှု၏ ကွင်းဆက် အထောက်အထားများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မျိုးဇော်ဦးသည် သေဆုံးသူ အမျိုးသမီးထံမှ ပစ္စည်းလုယူရန် ကြိုးပမ်းစဉ် လူသတ်မှုကို ကျူးလွန်ခဲ့ပြီး သေဆုံးစဉ် မုဒိမ်းမှု၊ ဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဉပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ အပြစ်ရှိကြောင်း တွေ့ရှိသဖြင့် သေဒဏ်အမိန့်ချမှတ်လိုက်သည်" ဟု ဖော်ပြထားသည်။ အမိန့်စီရင်ချက်နှင့် ပတ်သက်၍ ၇ ရက်အတွင်း အယူခံ၀င်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

ဇွန် ၁၈ ရက်နေ့ရုံးချိန်းတွင်   တရားလိုဘက်မှ လိုက်ပါဆောင် ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ငြိမ်းငြိမ်း အေးက ဆေးစာပြန်ကြားချက်အရ သေဆုံးသူ ၏ ခန္ဓာကိုယ် အမျိုးသမီးအင်္ဂါအရှေ့ နှင့် အနောက် တို့တွင် ထိုးသွင်းဒဏ်ရာများတွေ့ရှိခဲ့ကြောင်း၊ အမှုစစ်ဆေးချက်တွင် မျိုးဇော်ဦးက သေဆုံးသူ အမျိုးသမီးအပေါ် အဓမ္မပြုကျင့်ခဲ့သည့် သက်သေအထောက်အထား မရှိသော်လည်း လူသတ်လုယက်မှု တို့ကို ကျူးလွန်ခဲ့သည်မှာ ထင်ရှားသဖြင့် ပုဒ်မ ၃ဝ၂(၁)(ဂ)ဖြင့်သာ အမြင့်ဆုံးပြစ်ဒဏ်ချပေးရန်  တရားလွှတ်တော်ရှေ့နေ ဒေါ်ငြိမ်းငြိမ်းအေးကလျှောက်လဲချက်ပေးခဲ့သည်။

အမှုဖြင့် စွဲချက်တင်စစ်ဆေးခံနေရသည့် မျိုးဇော်ဦး၏ ရှေ့နေ ဦးမောင်မောင်စိုးက အခင်းဖြစ် ပွားစဉ်က မျက်မြင်သက်သေတစ်စုံတစ်ရာမရှိခဲ့သည့် အပြင် ပတ်ဝန်းကျင်၏ပြောဆိုမှုဖြင့် အမှုတည် ဆောက်ခဲ့ခြင်းကြောင့် သေဒဏ်ချရန်မသင့်သည့်  ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့်သာ အမိန့် ချရန် လျှောက်လဲချက်ပေးခဲ့သော်လည်း မျိုးဇော်ဦး၏ ဖြောင့်ချက်တွင် ရဲကို ကြောက်လန့်၍ ဖြောင့်ချက်ပေးခဲ့သည်ဆိုသည့် အကြောင်းပြချက်မှာ ခိုင်လုံသော အကြောင်းပြချက်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိချက်အရ ၎င်းကို ဖမ်းဆီးပြီး အချိန်တစ်ရက်ကြာမှ ရယူခဲ့သည့် ဖြောင့်ချက်ဖြစ်ခြင်းကြောင့် တရားဉပဒေအရ နည်းလမ်းတကျ ရယူခဲ့သည့် ဖြောင့်ချက်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အမှုဖြစ်စဉ်မှာ ဇန်နဝါရီ ၂၁ ရက် နံနက်၇ နာရီခွဲက ဒဂုံမြို့သစ်(မြောမာက်ပိုင်း)မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ် ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများ ရရှိကာ လဲကျသေဆုံးနေကြောင်း သတင်းအရ မြောက်ဒဂုံမြို့မ ရဲစခန်းမှူးနှင့် အဖွဲ့မှ သွားရောက် စစ်ဆေးရာ ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး အမျိုးသမီးကိုတွေ့ရှိခဲ့ပြီး မြောက်ဒဂုံမြို့မ ရဲစခန်းက (ပ)၈၃/၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့ကာ ပြစ်မှုကျုးလွန်ကြောင်း သံသယရှိသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် မင်္ဂလာဈေးတွင် ဖမ်းဆီးရမိခဲ့ကာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။

အမှုနှင့်ပတ်သက်၍ မျိုးဇော်ဦးကို လူသတ်မှု၊လုယက်မှု ၊မုဒိမ်းမှု၊ ဓမ္မတာနှင့်ဆန့်ကျင်ကာမစပ်ယှက် မှုအစရှိသည့် ပုဒ်မ ၄ ခုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး ဧပြီ ၃၀ ရက်တွင် ခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ (၁)(ဂ) ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

 အဆိုပါအမှုကို ယနေ့ အမိန့်ချမှတ်မှုအပါအဝင် ရုံးချိန်း ၁၈ ချိန်းဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးက ပြီးပြတ်ဆောင်ရွက်ခဲ့သည်။