နယ်စည်းမခြားဆရာဝန်များအဖွဲ့ဝန်ထမ်းများ ပြည့်တန်ဆာခေါ်ယူပျော်ပါးမှုရှိခဲ့ဟုဆို

နယ်စည်းမခြားဆရာဝန်များအဖွဲ့ဝန်ထမ်းများ ပြည့်တန်ဆာခေါ်ယူပျော်ပါးမှုရှိခဲ့ဟုဆို

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ၏ အာဖရိကဌာနခွဲ ဝန်ထမ်းများသည် ပြည့်တန်ဆာများခေါ်ယူပျော်ပါးမှုများရှိနေကြောင်းဖြင့် ဘီဘီစီတွင်ထုတ်လွှင့်နေသည့် ဗစ်တိုးရီးယားဒါဘီရှိုင်းယား မျက်မှောက် ရေးရာအစီအစဉ်သို့ MSF ဝန်ထမ်းအမျိုးသမီးအချို့က ဆက်သွယ် ဖွင့်ချလိုက်ကြောင်း သိရသည်။

MSF ၏ ဆေးဝါးပစ္စည်းများ၊ MSF ကထောက်ပံ့ပေးထားသည့် ဝန်ထမ်းအိမ်ရာများကိုခုတုံးလုပ်ကာ MSF၀န်ထမ်းအကြီးပိုင်းများမှ ပြည့်တန်ဆာများ ခေါ်ယူပျော်ပါးခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်း MSF ဝန်ထမ်းဟောင်းအမျိုးသမီးတစ်ဦးက ဆိုသည်။ MSF ကထုတ်ပေးထားသည့် ဆေးဝါးများပေးမည်ဟူသော စကားတစ်ခွန်းနှင့်ပင် အတူအိပ်မည့်မိန်းကလေးများ အလွယ်တကူ ရနိုင်ကြောင်းဖြင့် MSF င်္ဒေသဆိုင်ရာအကြီးအကဲတစ်ဦးကပြောကြောင်း ဖြင့်ပင် အထက်ပါအမျိုးသမီးက ဖွင့်ချထားသည်။ MSF၀န်ထမ်းဖွဲ့ကမူ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အနိုင်ကျင့်ခြင်း များကို အဖွဲ့ဝင်များလုံးဝမပြုလုပ်ရန် တင်းတင်းကျပ်ကျပ်တားမြစ်ထား သလို ပြည့်တန်ဆာခေါ်ယူပျော်ပါးခြင်းကိုလည်း အပြင်းထန်ဆုံးတားမြစ်ထားကြောင်း ထုတ်ပြန်ပြောကြားသည်။

မပါဝင်

ပြည့်တန်ဆာများခေါ်ယူပျော်ပါးသည်ဟုစွပ်စွဲခံရသူများမှာ MSF ၏ထောက်ပို့နှင့် အခြားသောကဏ္ဍများမှ ဝန်ထမ်းများသာဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများမပါဝင်ကြောင်းလည်းသိရသည်။ MSF လန်ဒန်ရုံးတွင်လုပ်ကိုင်ခဲ့ဖူးသည့် အမည်မဖော်သူအမျိုးသမီးတစ်ဦး ကလည်း ကင်ညာတွင် ၎င်းတာဝန်ကျစဉ်က MSF ဝန်ထမ်းအကြီးအကဲ ပိုင်းထဲမှတစ်ဦးသည် မိန်းမငယ်လေးများကို ရုံးဝန်ထမ်းလိုင်းခန်းထဲသို့ပင် ခေါ်လာသည်ကိုတွေ့ရကြောင်း ဖွင့်ချထားသည်။ ထိုသူသည် MSF ၏ ကင်ညာဌာနခွဲတွင် လုပ်သက်ရင့်ရာထူးကြီးပိုင်းထဲကဖြစ်သောကြောင့် မလျော်ကန်သောအပြုအမူကိုတားဆီးရန် မတတ်နိုင်ခဲ့ကြောင်းလည်း ဖွင့်ချသည့် အမျိုးသမီးကပင်ဆိုသည်။

ဗဟိုအာဖရိကတွင် အိတ်ချ်အိုင်ဗွီထိန်းချုပ်ရေးအတွက်MSFတွင် လုပ်ကိုင်ခဲ့သည့် အခြားသောအမျိုးသမီးတစ်ဦးကလည်း MSF ရာထူး ကြီးပိုင်းထဲကအမျိုးသားတစ်ဦးသည် ဒေသခံပြည့်တန်ဆာတစ်ဦးကိုရည်စားဟုဆိုကာ MSF ဝန်ထမ်းအိမ်ရာတွင်ခေါ်ထားကြောင်း ဖွင့်ချ ထားသည်။ တတိယမြောက်ဖွင့်ချသူအမျိုးသမီးကလည်း ၎င်း၏လုပ် ဖော်ကိုင်ဖက်အမျိုးသားတစ်ဦးသည် အာဖရိကတွင်တာဝန်ကျစဉ်က MSF ဆေးဝါးများကိုခုလုံးလုပ်ကာ အမျိုးသမီးများကို ဆေးဝါးနှင့်မြူဆွယ်ပြီး လိင်အမြတ်ထုတ်ခဲ့ကြောင်းဖြင့် ဖွင့်ချထားသည်။