မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာကျေးရွာ၊ နှင်းဆီလမ်းပေါ်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူ အမျိုးသားကို သတ်၍ ဆိုင်ကယ်လုယူခဲ့သည်ဆိုသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးဖော်ထုတ်ခဲ့ပြီး ဆက်လက် စစ်ဆေးခဲ့ရာ ခိုးမှုနှင့်လုယက်မှု ၁၆ မှုပေါ်ပေါက်ခဲ့သည်။
ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ အမျိုးသားကို သတ်ကာ ဆိုင်ကယ်လုယက်မှုကျူးလွန်ခဲ့သည်ဆိုသူ မင်္ဂလာဒုံမြို့နယ်၊သင်္ဃန်းကျွန်းကြီးကျေးရွာနေသူများဖြစ်သည့်ဖိုးလပြည့်(ခ)လပြည့်(၂၇)နှစ်၊ရဲနိုင်လင်း(ခ)ကရင်(၂၄)နှစ်နှင့် နိုင်လင်းထွန်း(၂၁)နှစ်တို့ကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုက စစ်ဆေးရာ ၎င်းတို့သည် ချစ်မင်းအောင်၊ မင်းမင်း၊ အကြီးကောင်၊ ညီညီ၊ ကုလား ၊ဝေထွန်းတို့နှင့်အတူ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ၊ မတ်၊ မေနှင့် ဇွန်လ၌မြောက်ဥက္က လာပ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူးမြို့နယ်များအတွင် လက်ကိုင်ဖုန်းလုယက်မှု(၉) မှုနှင့် ဆိုင်ကယ် (၇) စီးလုယက်မှုများပေါ်ပေါက်ခဲ့သည်။
အမှုတွင် ပါဝင်ခဲ့ပြီး တိမ်းရှောင်နေသူ ချစ်မင်းအောင်၊ မင်းမင်း၊ အကြီးကောင်၊ ညီညီ၊ ကုလား၊ ဝေထွန်းတို့ကို သက်ဆိုင်ရာက စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိပြီး ၄င်းတို့ ခိုးယူ ရောင်းချခဲ့သည်ဆိုသည့် ပစ္စည်းများကို သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းခဲ့ပြီး ပိုင်ရှင်များ အနေဖြင့် သက်ဆိုင်ရာရဲစခန်းများနှင့် ဆက်သွယ်နိုင်ရန် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

















