ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏သဘောထား ဇူလိုင် ၂၇ နောက်ဆုံးပေးပို့စေလိုကြောင်း အိုင်စီစီတောင်းခံ

ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာအစိုးရ၏သဘောထား ဇူလိုင် ၂၇ နောက်ဆုံးပေးပို့စေလိုကြောင်း အိုင်စီစီတောင်းခံ

ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များအား ရက်စက်စွာဆောင်ရွက်ခဲ့သည်ဆိုကာ ကြားနာစစ်ဆေးရန် ကြိုးပမ်းနေသည့် နိုင်ငံတကာရာဇဝတ်ခုံရုံ(အိုင်စီစီ)က ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏သဘောထားကို ဇူလိုင် ၂၇ နောက်ဆုံးထား ပေးပို့စေလိုကြောင်း ဇွန် ၂၁ ရက်က တောင်းခံခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရ၏ သဘောထားရှုမြင်ချက်ကို အဓိကကဏ္ဍသုံးခုခွဲ၍ လူသိရှင်ကြားဖြစ်စေ၊ အတွင်းရေးအနေဖြင့်ဖြစ်စေ ပေးပို့နိုင်သည်ဟုဆိုသည်။ ယင်းကဏ္ဍသုံးရပ်မှာ ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များအား မြန်မာမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ နှင်ထုတ်ခဲ့ကြောင်း စွဲချက်နှင့်ပတ်သက်၍ အိုင်စီစီအနေဖြင့် တရားစီရင်ရေးအာဏာအား စွဲကိုင်ကျင့်သုံးရန် ဖြစ်နိုင်ခြေ ရှိမရှိ၊ ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များ မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ်ကျော်သွားရောက်မှုဆိုင်ရာ ဆက်စပ်အခြေအနေများနှင့် တရားလိုဘက် ရှေ့နေများ၏တောင်းဆိုချက်နှင့်ဆက်နွယ်သည့် မြန်မာအာဏာပိုင်များထင်မြင်ချက်များတို့ဖြစ်ကြောင်း သိရသည်။

အိုင်စီစီ၏ရှေ့ပြေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သဘောထားကိုလည်း ဇွန် ၁၁ ရက်တွင် တောင်းခံခဲ့၍ ဘင်္ဂလားဒေ့ရှ်က တုံ့ပြန်ခဲ့ပြီးဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၏တုံ့ပြန်မှုနှင့်စပ်လျဉ်း၍ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အိုင်စီစီ၏ တံခါးပိတ်ကြားနာပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ယင်း၏အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိသေးပေ။>

ဇွန် ၁၁ ရက်တွင် နယ်သာလန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ရှိတ်မိုဟာမက် ဘီလဲလ်က ဘင်္ဂလားဒေရှ်နိုင်ငံ၏ စူးစမ်းတွေ့ရှိချက်ကို သည်ဟိဂ်တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)များ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး အခြေအနေများဖန်တီးမှု အလွန် နှေးကွေးသည်နှင့်အမျှ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားများ အသစ်တဖန် ကျရောက်လာကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်သည် အိုင်စီစီအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည်။ ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)အရေးနှင့်ပတ်သက်၍ အိုင်စီစီက တရားစီရင်ရေးအာဏာအား စွဲကိုင်ကျင့်သုံးရန် ဖြစ်နိုင်ခြေ ရှိမရှိ မေတ္တာရပ်ခံမေးမြန်းချက်ကို ဘင်္ဂလားဒေ့ရှ်က တုံ့ပြန်ခဲ့ပြီး ယင်းသည် အကျပ်အတည်းအတွက် ကြာရှည်တည်တံ့သည့် အဖြေရှာရန် ဖြစ်ကြောင်း သတင်းကရေးသားခဲ့သည်။