တရုတ်နိုင်ငံ ကွမ်ရှီခရိုင်ရှိ ယုလင်မြို့၌ နှစ်စဉ်ပြုလုပ်နေကျ ခွေးသားစားပွဲတော်ကို ဇွန် ၂၁ ရက်တွင် စတင်ကျင်းပခဲ့သည်။
တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများက ခွေးထောင်ပေါင်းများစွာကို သတ်ဖြတ်ပြီး အသားအတွက်ရောင်းချခြင်းသည် လူမဆန်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုကာ ဆန့်ကျင်ဆန္ဒပြမှုများရှိခဲ့သော်လည်း ခွေးသားရောင်းပွဲကို အနှောင့်အယှက်မရှိဖွင့်လှစ်နိုင်ခဲ့သည်။ ကမ္ဘာ့ဝင်ရိုးတစ်ခုက နေဘက်သို့ သိသိသာသာစောင်းသည့် နွေယဉ်စွန်းချိန်အထိမ်းအမှတ်အဖြစ် ခွေးသားစားပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲတော်ကို ယုလင်၌ ၂၀ဝ၉ ခုနှစ်ကတည်းက ကျင်းပခဲ့ခြင်းဖြစ်သည်။
ယုလင်မြို့တွင်းရှိ အသားဈေးများတွင် ခွေးများကို လှောင်အိမ်များထဲတွင် ထည့်ပြီး ပြသထားသလို ဆိုင်များထဲတွင်လည်း ခွေးအသေကောင်များစွာကို ချိတ်ဆွဲထားသည်။ ဆန့်ကျင်ကန့်ကွက်သူများကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးစောင့်ကြပ်ခဲ့သည်။ ချန်းဟု မျိုးရိုးအမည်ရှိသည့် အမျိုးသမီးတစ်ဦးက ခွေးတစ်ကောင်လုံးကို ၆၆၂ ယွမ်( ၁၀၂ ဒေါ်လာ) ဖြင့် ဝယ်ယူခဲ့သည်။ မိသားစုနှင့်အတူ ချက်ပြုတ်စားသောက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ခွေးသားစားပွဲတော်၌ ခွေးထောင်သောင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာစာနာစိတ်ထားရေးအဖွဲ့ခန့်မှန်းထားသည်။ တရုတ်နိုင်ငံ၌ တစ်နှစ်လျှင် ခွေး ၁၀ သန်းကျော်ကို သတ်ဖြတ်စားသောက်နေသည်။ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများသည် ခွေးသားစားပွဲသို့ နှစ်စဉ်လာရောက်ပြီး ကံဆိုးသည့် ခွေးအရှင်များကို ဝယ်ယူကာ ပြန်လွှတ်ပေးနေကြောင်း ဆီချူနာချီမင်းတိရစ္ဆာန်စောင့်ရှောက်ရေးဌာနမှ ချောက်ဝေကပြောဆိုခဲ့သည်။ ယုလင်၌ ပွဲတော်မကျင်းပမီတွင် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များက ခွေးသားစားပွဲပိတ်ပင်ရေးအတွက် လက်မှတ် ၂၃၅၀ဝ၀ စုဆောင်းပြီး ပွဲတော်ကို ပိတ်ပင်ပေးရန် တရုတ်အာဏာပိုင်များထံသို့ ပေးစာပေးပို့ကာ တောင်းဆိုခဲ့သည်။
တောင်ကိုရီးယား၌လည်း တစ်နှစ်လျှင် ခွေးတစ်သန်းကို သတ်ဖြတ်စားသောက်ခဲ့သည်။ ခွေးသားများအား အသားအတွက်သတ်ဖြတ်ခြင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယားတရားရုံးတစ်ရုံးက ဇွန် ၂၀ ရက်တွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သောကြောင့် တောင်ကိုရီးယား၌ ခွေးသားစားမှုလျော့ကျသွားဖွယ်ရှိနေသည်။
ယမန်နှစ် ဧပြီတွင် ထိုင်ဝမ်( တရုတ်တိုင်ပေ) အစိုးရသည် ခွေးသားနှင့် ကြောင်သားစားသောက်ခြင်း၊ ဝယ်ယူခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့ကို ပိတ်ပင်ခဲ့ပြီး ချိုးဖောက်ပါက ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၂၅၀ဝ၀ဝ( အမေရိကန်ဒေါ်လာ ၈၁၇၀ ) ပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

















