ကုန်သွယ်ရေးနှင့်ပတ်သက်၍ အမေရိကန်တို့၏ ကိုယ်ကျိုးကြည့်ဝါဒသည် အရေးနိမ့်နေပြီဖြစ်၍ တရုတ်အပေါ် ယုံမှားလွန်သံသယဖြစ်နေမည့်အစား မိမိပြည်တွင်းဖွံ့ဖြိုးမှုကိုသာ အာရုံစိုက်ရန် တရုတ်မီဒီယာများက ရေးသားလိုက်သည်။
သမ္မတထရမ့်က တရုတ်သွင်းကုန် ဒေါ်လာဘီလီယံ ၅၀ ဘိုးအပေါ် အခွန်ကောက်ခံခြင်းကို တရုတ်ကလက်စားချေမည် ဆိုလျှင် နောက်ထပ် ဒေါ်လာဘီလီယံ ၂၀ဝ ဘိုးတရုတ်ကုန်စည်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးကောက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းအတွက် တရုတ်မီဒီယာများက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သည် နှစ်ဘက်ကုန်သွယ်ရေးကိစ္စများတွင် အပြောင်းအလဲမြန်ဆန်ပြီး တရုတ်အပေါ် အပြင်းအထန် နှိပ်ကွပ်မည်ဟု ခြိမ်းခြောက်မှုများသည် အမေရိကန်အလုပ်သမားများနှင့် လယ်သမားများ၏ အကျိုးစီးပွားကိုသာ ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်းလည်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
တရုတ်သည် အမေရိကန်အလုပ်အကိုင် သန်းပေါင်းများစွာအတွက် အထောက်အပံ့ပြုခဲ့သည်ကို အမေရိကန်က နားလည်ရန်ပျက်ကွက်ခဲ့ပြီး ကိုယ်တိုင်ရှုံးနိမ့်မှုဆီ ဦးတည်ခဲ့ကြောင်း ချိုင်းနားဒေးလီးက ရေးသားခဲ့သည်။ အခြားသော တရုတ်အစိုးရဆက်နွယ်သည့်မီဒီယာများကလည်း အမေရိကန်၏ကုန်သွယ်ရေးမူဝါဒကို တိုက်ခိုက်ရေးသားခဲ့ကြသည်။
မည်သို့ဖြစ်စေ အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲသက်ရောက်မှုလက္ခဏာအဖြစ် အာရှဈေးကွက်များ ကျဆင်းခဲ့သည်။ ခြောက်လအတွင်း ဆက်တိုက်ကျဆင်းမှုဖြစ်ပြီး ရေနံဈေးနှုန်းများ မြင့်တက်မှုကြောင့် အဓိကထုတ်ကုန်များ ဈေးနှုန်းမြင့်တက်မည့်အခြေအနေများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
















