၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့ကြသည့် မိသားစုများ ပြန်လည်ပေါင်းဆုံနိုင်ရေး ရှေးရှုသည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအရာရှိများ တွေ့ဆုံဆွေးနွေးမှုကို ဇွန် ၂၂ ရက်၌ ပြန်လည်စတင်ခဲ့သည်။
ဧပြီလအတွင်း နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ထိပ်သီးတွေ့ဆုံပွဲရလာဒ်အဖြစ် သဘောတူညီချက်အရ ကွဲကွာခဲ့သည့် မိသားစုများပြန်လည်ပေါင်းစည်းရေး ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
သမ္မတမွန်းဂျေအင်းနှင့် ဥက္ကဌကင်ဂျုံအွန်တို့သည် မေလတွင် ထပ်မံတွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းကြောင်းများစွာ ဖွင့်လှစ်နိုင်ခဲ့သည်။ နှစ်နိုင်ငံတို့သည် စစ်ဘက်အရေးပေါ်ဆက်သွယ်ရေးလိုင်းများ ပြန်လည်ဖွင့်လှစ်ရန်၊ အင်ဒိုနီးရှားတွင် ကျင်းပမည့် အာရှအားကစားပွဲတော် ပွဲစဉ်အချို့တွင် ပူးပေါင်းအသင်းစေလွှတ်ရန် သဘောတူခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ တွင် ဂျပန်လက်အောက်မှ ကိုရီးယားကျွန်းဆွယ်လွတ်မြောက်မှုအထိမ်းအမှတ်အဖြစ် သြဂုတ်လလယ်တွင် မိသားစုများပြန်လည်ပေါင်းဆုံနိုင်ရန် ခေါင်းဆောင်နှစ်ဦးသဘောတူခဲ့ပြီးဖြစ်ရာ ဇွန် ၂၂ ရက် ဆွေးနွေးပွဲတွင် အထိမ်းအမှတ်အခမ်းအနားရက်အတိအကျ သတ်မှတ်နိုင်သည်။
၂၀၁၆ ၌ တောင်ကိုရီးယားတွင် အခြေချခဲ့သည့် မြောက်ကိုရီးယားစားသောက်ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၂ ဦး ကိစ္စလည်းဆွေးနွေးရန် မျှော်လင့်ရသည်။ စစ်အတွင်းကွဲကွာခဲ့သည့် မိသားစုများ ပြန်လည်ပေါင်းဆုံရေး ဆွေးနွေးဆောင်ရွက်မှုများကို ၂၀၁၅ ခုနှစ်က နောက်ဆုံးဆောင်ရွက်ခဲ့ပြီး မြောက်ကိုရီးယား၏ တာဝေးပစ်ဒုံးကျည် ဆက်တိုက်စမ်းသပ်ပစ်လွှတ်မှုများနောက်ပိုင်း ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

















