တစ်ရွာတည်းအတူနေထိုင်သူ အချင်းချင်း စကားများရန်ဖြစ်စဉ် ဓါးခုတ်မှုဖြစ်ပွားကာ ပြစ်မှုကျူး လွန်သူက ကိုယ်တိုင်အဖမ်းခံမှု ဇွန် ၂၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ၂၁ရက်နေ့ ညနေ ၃နာရီ အချိန်ခန့်က ဘားအံမြို့နယ်၊ ထောင်ကလပ်ကျေးရွာအုပ်စု၊ ကမော့ညော(ထူးဂုဏ်)ကျေးရွာတွင် ဓါးခုတ်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဓါးဖြင့်အခုတ်ခံရသူမှာ မျိုးသူ(ခ)ပန်းကြီး(၂၈နှစ်)ဖြစ်ကြောင်းသိရပြီး လည်ပင်းဇတ်ပိုးတွင် ပြတ်ရှဒဏ်ရာဖြင့် နေအိမ်အတွင်း လဲကျသေဆုံးနေသည်ကို အိန္ဒုနယ်မြေရဲစခန်းမှူး ရဲအုပ်မင်းအောင်ထွန်းနှင့်အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။
အမှုနှင့်ပတ်သက်၍ စုံစမ်းချက်များအရ နံနက် ၈ နာရီခန့်တွင် သေဆုံးသူနှင့် တစ်ရွာတည်းနေ နိုင်ဝင်း(ခ)နိုင်ကြီး(၃၅နှစ်)တို့ တောင်ဝိုင်းတောင်သို့ မျှစ်အတူချိုးရန် သွားရောက် ခဲ့ပြီး မွန်းလွဲ ၁နာရီခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။
ထိုသို့ပြန်လာစဉ် နိုင်ဝင်း(ခ)နိုင်ကြီး၏ နေအိမ်တွင် အရက်သောက်ထမင်းအတူစားခဲ့ပြီး နောက် စကားအချေအတင်ပြောဆိုရာမှ စကားများခဲ့ကြပြီး နိုင်ဝင်း (ခ)နိုင်ကြီးက အနီးရှိ အရှည် နှစ်ပေခွဲခန့်အရှည်ရှိသောဓါးရှည်ဖြင့် မျိုးသူ(ခ)ပန်းကြီး၏ လည်ပင်း ဇတ်ပိုးကို ခုတ်ပိုင်းခဲ့ခြင်းဖြစ်ကြောင်း ၊ အခင်းဖြစ်ပွားပြီးနောက် နိုင်ဝင်း (ခ)နိုင်ကြီးမှာ ထွက်ပြေးတိမ်းရှောင်သွားခြင်းမရှိဘဲ သက်ဆိုင်ရာ မှလာရောက် စစ်ဆေးစဉ် ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်းသိရသည်။
အမှုနှင့်ပတ်သက်၍ နိုင်ဝင်း(ခ)နိုင်ကြီးကို အိန္ဒုနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

















