အမေရိကန်နိုင်ငံတွင်းသို့ မိဘများနှင့်သော်လည်းကောင်း၊ အဖော်မပါဘဲသော်လည်းကောင်း တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးခံထားရသည့် ကလေးများကို စစ်အခြေစိုက်စခန်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားရန်အတွက် အိပ်ယာ နှစ်သောင်း ပြင်ဆင်ထားရန် အမေရိကန်အစိုးရက ပင်တဂွန်ကို ညွှန်ကြားလိုက်ကြောင်း သိရသည်။
ထိန်းသိမ်းထားသော ကလေးများကို လုံလောက်စွာ နေရာချထားပေးရန် အခက်အခဲ ရှိနေသဖြင့် စစ်အခြေစိုက်စခန်းအချို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ခိုလှုံသူများကို သည်းခံမှုသုည မူဝါဒဖြင့် သမ္မတ ထရမ့်က ကိုင်တွယ်လျက်ရှိရာ ခိုလှုံသူမိဘများ ဖမ်းဆီးရုံးတင်ခံရချိန်တွင် ကလေးများချည်း ကျန်ခဲ့သောကြောင့် အစိုးရက ထိန်းသိမ်းစောင့်ရှောက်ထားရလျက်ရှိသည်။
သမ္မတ ကတော် မယ်လင်နီယာ ထရမ့်သည်လည်း ခိုလှုံသူ ကလေးငယ်များကို ထိန်းသိမ်းထားရာ တက္ကဆက်ပြည်နယ် နယ်စပ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး၊ မိသားစုများ ပြန်လည်ဆုံစည်းခွင့် ရစေလိုကြောင်း ပြောကြားခဲ့သည်။ ထိုသို့ သွားရောက်ကြည့်ရှုရာတွင် “ငါတော့ ဂရုမစိုက်ဘူး” စာသားပါသည့် ကုတ်အင်္ကျီရှည်ကြီးဝတ်သွားမှုကြောင့်လည်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
သည်းခံမှုသုည မူဝါဒကြောင့် ခိုလှုံသူ မိဘများနှင့် ကလေးများ တကွဲတပြားစီ ဖြစ်ကုန်ရခြင်းကို အများပြည်သူက ဝေဖန်ကန့်ကွက်ကြပြီးနောက်တွင် ထိုမူဝါဒကို ပြင်ဆင်ရန် သမ္မတ ထရမ့်က အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နှင့် မက္ကဆီကို နယ်စပ်မှ မေ ၅ ရက်နောက်ပိုင်း တရားမဝင် ဝင်ရောက်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ကလေးငယ်ပေါင်း ၂၃၀ဝ ရှိနေပြီဖြစ်သည်။ ၁၉၉၇ ခုနှစ် ခိုလှုံသူ ဥပဒေအရ ကလေးများကို ရက် ၂၀ ထက် ပိုမိုထိန်းသိမ်းထားခွင့်မရှိသဖြင့် ရက်ထပ်တိုးနိုင်ရန် ဥပဒေကို ပြင်ဆင်နိုင်ရေးလည်း တရားရေးဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိသည်။

















