ဥရောပ၌ အမျိုးသားရေးဝါဒနှင့် ရွှေ့ပြောင်းဒုက္ခသည်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြင်းထန်လာမှုကို ဥရောပ၌ အမျိုးသားရေးဝါဒဆိုသည့် အနာကြီးရောဂါဖြစ်ပွားနေကြောင်း ပြင်သစ်သမ္မတဧမာနွေလမာခရွန်က ဇွန် ၂၁ ရက်တွင် နှိုင်းယှဉ်ပြောဆိုလိုက်ပြီဖြစ်သည်။
ဥရောပရှိ ရွှေ့ပြောင်းအကျပ်အတည်းဖြေရှင်းရေးအတွက် ဥရောပခေါင်းဆောင်များမတွေ့ဆုံမီရက်ပိုင်းအလိုတွင် မာခရွန်က ဘရစ်တနီသို့သွားရောက်စဉ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂဆန့်ကျင်ရေးလှုံ့ဆော်မှုများကို လက်ခံခြင်းမပြုရန် ပြင်သစ်နိုင်ငံသားများအား မာခရွန်က တိုက်တွန်းပြောဆိုခဲ့သည်။
လေးလေးနက်နက်ပြောပါမယ်၊ ဥရောပကို လူအတော်များများက မုန်းနေကြတယ်၊ သူတို့မုန်းနေတာလည်း ကြာလှပေါ့ဗျာ၊ အခုလည်းကြည့်လေ ဥရောပတစ်ဝန်းမှာ အမျိုးသားရောဂါက အနာကြီးရောဂါလိုပျံ့နှံ့နေပြီ၊ ပျံ့နှံ့တယ်ဆိုတာမှာလည်း ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ နိုင်ငံတွေမှာပဲ ဟု မာခရွန်ကပြောဆိုခဲ့သည်။
ယင်းကဲ့သို့နိုင်ငံများတွင် မဟာမိတ်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများပင်ပါဝင်ပြီး အမျိုးသားရေးဝါဒဆိုင်ရာ ပြင်းထန်သော စကားများကို ပြင်သစ်နိုင်ငံသားများ နေ့စဉ်ကြားသိနေရကြောင်း ၎င်းကပြောဆိုခဲ့သည်။ မာခရွန်က မည်သည့်နိုင်ငံများတွင် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေခြင်းကို မပြောဆိုခဲ့သော်လည်း မြေထဲပင်လယ်မှ ကယ်ဆယ်လာပြီး အီတလီကမ်းရိုးတန်းနားသို့ လှေဖြင့် ရောက်ရှိလာသည့် ရွှေ့ပြောင်းများအား အီတလီအစိုးရက လက်မခံခဲ့မှုနှင့်ပတ်သက်၍ လွန်ခဲ့သော ၁၀ ရက်အတွင်း ပြင်သစ်နှင့် အီတလီတို့ကြား အပြန်အလှန်စွပ်စွဲမှုများရှိခဲ့သည်။
အကွားရီးယစ်သင်္ဘောပေါ်၌ လိုုက်ပါလာသည့် ခရီးသည် ၆၂၉ ဦးတို့အား လက်ခံလိုခြင်းမရှိကြောင်း မော်လ်တာက ပြောဆိုခဲ့ပြီးနောက် ယင်းရွှေ့ပြောင်းများအား စပိန်က လက်ခံခဲ့သည်။ အီတလီ၏ လက်ယာစွန်းပြည်ထဲရေးဝန်ကြီး မတ်တီယိုဆယ်လ်ဗီနီက အကွားရီးယပ်စ်အား ကမ်းကပ်ခွင့်ပင်မပေးခဲ့ချေ။
မာခရွန်ဟာ အခြားလူတွေကိုစော်ကားတာကိုရပ်ပြီး စေတနာကောင်းတွေရှိကြောင်း ပါးစပ်ကပြောနေတာကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ မကြာသေးမီနှစ်တွေမှာ အီတလီက လက်ခံခဲ့တဲ့ ရွှေ့ပြောင်းထောင်ပေါင်းများစွာကို ကြိုဆိုလိုက်မယ်ဆိုရင် အားလုံးအတွက် ကောင်းကျိုးရှိလာမှာဟု ဆယ်လ်ဗီနီက ဝေဖန်ပြောဆိုခဲ့သည်။
၎င်းတို့သည် အနာကြီးရောဂါသည် လူပြိန်းကြိုက်ဝါဒကို ကိုင်စွဲသူများဖြစ်နိုင်သော်လည်း ဆိပ်ကမ်းများကိုဖွင့်ပေးသူများထံမှသာ စေတနာကောင်းဆိုသည်ကို သင်ယူပါကြောင်း ၎င်းက တုံ့ပြန်ပြောဆိုခဲ့သည်။

















