ချမ်းအေးသာစံမြို့နယ် တောရိုင်းတိရိစ္ဆာန်များ၏ ခန္ဒာကိုယ်အစိတ်အပိုင်းများ ရောင်းချရန် သိုလှောင်ထား သည်ဆိုသူ၏ နေအိမ်ကို သတင်းအရ သက်ဆိုင်ရာက ဇွန် ၂၁ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း အမှတ် ၆ နယ်မြေရဲစခန်းမှသိရသည်။
ဇွန် ၂၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊သစ်တောဦးစီးအရာရှိ ဦးထွန်းထွန်းမင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်နေ သောင်းဟန်ဦး(၃၀)နှစ် ၏ နေအိမ်တွင်း တောရိုင်းတိရိစ္ဆာန် များ၏ ခန္ဒာကိုယ်အစိတ်အပိုင်းများ သိုလှောင်ထားကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေစဉ် အင်းကျားသားရေ ၃ ချက်နှင့် အပိုင်းအစ ၁ ခု ၁.၇၅ ပိဿာခန့်၊ အင်းကျားအရိုးစု အပိုင်းအစများ ၁.၅ ပိဿာခန့်၊ ဆင်အရေခွံ အပိုင်းအစများ ၅.၅ ပိဿာ၊ တိရစ္ဆာန်ဦးခေါင်းခွံ အရိုးစု ၄ ခု ၂.၅ ပိဿာ ခန့်၊ တောဝက်စွယ် အပိုင်းအစ (အဆွေးအမြေ့)များ ၂ ပိဿာခန့်၊ သင်းခွေချပ် ၁၈ ပိဿာခန့်၊ တောဝက်စွယ် အသေး/အကြီး ၂၁.၅ ပိဿာခန့်၊ ဦးခေါင်းခွံမျိုးစုံ ၉ လုံး ၁၄ ပိဿာခန့်၊ ဆင်ခြေ/လက်သည်း ၁.၅ ပိဿာ ခန့်၊ တိရစ္ဆာန်များ၏ ခြေ/လက်သည်း ၂.၅ ပိဿာခန့်၊ တိရစ္ဆာန် ခါးဆစ်ရိုး ၁.၂၅ ပိဿာခန့်၊ ဆင်စွယ် အပိုင်းအစများ ၂.၂၅ ပိဿာခန့်၊ ဂျီချိုအပိုင်းအစများ ၁.၇၅ ပိဿာခန့်၊ ဆင်စွယ် (သစ်ခေါက်တိုး) ၁ ပိဿာ ခန့်ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ကြံချိုဟုထင်ရသော ချိုကြီး/အသေး ၂ ခု၊ ဆပ်ချို အောက်ခံသစ်သားပါ ၁ ခု ၄ ပိဿာခန့်၊ ပြောင်ဦးခေါင်းခွံ(ချိုပါ) ၄ ပိဿာခန့်၊ ဖြူအစာအိမ်(အစို) ၁၃၂ ခု ၉ ပိဿာခန့်၊ တိရစ္ဆာန်အစိတ်အပိုင်း (အစို) ၁ ပိဿာခန့်၊ ဦးခေါင်းပါချိုမျိုးစုံ ၃၅ ပိဿာခန့်၊ ပြောင်ချိုအခွံချွတ် ၁၆ ခု ၂၁ ပိဿာခန့်၊ လိပ်ကျောခွံ(ရေလိပ်) ၃ ခု ၁ ပိဿာခန့်၊ ပြောင်ဦးခေါင်းခွံနှင့် ချိုအပိုင်းအစများ ၁၁ ပိဿာ၊ တိရစ္ဆာန် အရိုး အပိုင်းအစ ၇၈ ပိဿာခန့်၊ ချိုမျိုးစုံအစိတ်အပိုင်းအစ ၂၄ ပိဿာခန့်၊ သမင်ချို (ဦးခေါင်းခွံပါ) ၄၈ ခု၊ ဆပ်ချို(ဦးခေါင်းခွံပါ) ၂ ခုတို့ကို လည်းသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြား ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် အမှတ်-၆နယ်မြေရဲစခန်းက (ပ)၂၀၅/၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က)/၄၁(က)အရ အမှုဖွင့် အရေးယူထားသည်။

















