တိုက်ကြီးမြို့နယ်တွင် ဆင်သတ်မုဆိုးတစ်ဦးကို သက်ဆိုင်ရာက ဇွန်လ ၂၁ ရက်နေ့ က ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
အဆိုပါနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ် တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအေးလွင်နှင့် ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆင် သတ်မှု များကျူးလွန်သည့် မုဆိုးအဖွဲ့ တွင် ပါဝင်သော ပဲခူးမြို့နယ် အုတ်ဖိုကျေးရွာနေ ကိုမျိုး(ခ) ငမျိုး(၄၈)နှစ်ကို ၎င်း၏ နေအိမ်၌ သတင်းအရဖမ်းဆီးခဲ့သည်။
၎င်းအား စစ်ဆေးရာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပဲခူးမြို့နယ် ဒေသအခေါ် ကြက်မြောင် ခန့်မှန် မြေပုံအညွှန်း KV-145728 ၌ တောဆင်ရိုင်း အမ ၁ ကောင်အား တူမီးသေနတ်ဖြင့် ပစ်၍ အရေခွံများ ခွာယူခဲ့ကြောင်း သိရှိရပြီး ဆင်သေဆုံးသည့်နေရာကို လိုက်လံပြသပေးသဖြင့် ဆင်ဦးခေါင်းအရိုးနှင့် မေးရိုးများ တွေ့ရှိ သိမ်းဆည်းခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
တိုက်ကြီးနယ်မြေရဲစခန်းမှ(ပ) ၁၈/၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ ဥပဒေပုဒ်မ ၄၁(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

















