ကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နောင်ချိုတွင် သိမ်းဆည်းရမိ

ကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နောင်ချိုတွင် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှ ကချင်ပြည်နယ်သို့သယ်ဆောင်လာသည့် ကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွမူးယစ်ဆေးပြား ၄သိန်းခန့်ကို သက်ဆိုင်ရာက သတင်းအရ သိမ်းဆည်းရမိခဲ့ကြောင်း နောင်ချိုမြို့မ ရဲစခန်းမှ ဇွန် ၂၂ ရက်နေ့က သိရသည်။

ဇွန် ၂၁ ရက်နေ့ ညနေ့ ၅ နာရီ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မှ မန္တလေးသို့ ယာဉ်မောင်း ခင်မောင်သိန်း(ခ)မော်ကြီး မောင်းနှင်သည့် "စုပေါင်းလားရှိုး" ယာဉ်ငယ် အသင်းအမည်ပါ Wingroad မော်တောယာဉ်ကို သတင်းအရ ၂၄ မူးယစ်တပ်ဖွဲ့စု ၂၄ အဖွဲ့ဝင်များနှင့် စရဖ (နောင်ချို)အထူးတပ်ဖွဲ့များပါဝင်သည့်ပူးပေါင်းအဖွဲ့က နောင်ချိုမြို့အဝင် အိုရီယမ်တယ်ဟိုင်းဝေး တိုးဂိတ်အနီး တားဆီးစစ်ဆေးခဲ့သည်။

မော်တော်ယာဉ်ပေါ်တွင် မိုးညှင်းမြို့နေ မြင့်သူ၊  အေးဆိုင်မွန်း(ခ)သီရိခိုင် တို့ ၂ ဦးကို တွေ့ရပြီး ယာဉ်အမိုးပေါ်တွင် ၄င်းတို့၏ ပစ္စည်းများ ဟုဆိုသည့်  ပလက်စတစ်ကော်ပုံများကို ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ပုံးအတွင်း အဝါရောင်တိတ်/အနက်ရောင်ကျွတ်ကျွတ်အိတ်တို့ဖြင့် ပတ်ထားသည့် ဘိန်းဖြူဆပ်ပြာခွက်(တစ်ခွက်လျှင် ၁၁ ဂရမ်ပါ) စုစုပေါင်း ၆၆၀ ခွက် ၊ 88နဲ့ 1 စာတန်းတစ်ဘက်စီပါ စိတ်ကြွရူူးသွပ်ဆေးပြား ၃၇၈၀၀၀ ပြား တို့ကို တွေ့ရှိခဲ့သည်။

မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့သည့် မြင့်သူ နှင့် အေးဆိုင်မွန်း(ခ)သီရိခိုင် တို့ ကို စစ်ဆေးချက်အရ ယခုနှစ် ဇွန်လ  ၁၇ ရက်နေ့တွင် ယခင်ကခင်မင်ခဲ့ဖူးသူ ကချင်ပြည်နယ်ဟိုပင်မြို့နေ ဒေါ်နှင်းရီ က ဖုန်းဖြင့်ဆက်သွယ်ကာ မူးယစ်ဆေးဝါးများ မန္တလေး သို့ ပို့ဆောင်ပေးပါက သယ်/ပို့ခ သိန်း ၁၂၀ ပေးမည်ဟုပြောဆိုခဲ့ကြောင်းဆိုသည်။ 

 ဇွန် ၁၉ ရက်နေ့တွင် မိုးညှင်းမြို့မှတစ်ဆင့်  မန္တလေးမြို့သို့ ထွက်ခွာလာခဲ့ကြောင်း၊ ဇွန် ၂၁ ရက်နေ့တွင် ကွတ်ခိုင်မြို့သို့ ရောက်ခဲ့ပြီး  ဇွန် ၂၁ ရက်နေ့ တွင် ဒေါ်နှင်းရီ က ဖုန်းဖြင့် ဆက်သွယ် ခဲ့ပြီး နောက်ရှမ်း/တရုတ် အမျိုးသား ၂ ဦး (စီစစ်ဆဲ) တို့က AD Van ခဲရောင်ယာဉ်ဖြင့် ရောက်လာပြီး ခရီးဆောင် ဆာလာအိတ် ၄ အိတ် ပလပ်စတစ်ရောင်စုံ ၄ ပုံး တို့ကို ပေးခဲ့ကြောင်းဆိုသည်။ 

အဆိုပါပစ္စည်းများကို "စုပေါင်းလားရှိူး" အသင်းမှ ယာဉ်ငယ်ကို ငှားရမ်းပြီး မန္တလေးမြို့ "ကြယ်သုံးပွင့်" ဟိုတယ်ကို ပို့ဆောင်ရန် ထွက်လာစဉ်ဖမ်းဆီးခံရကြောင်းထွက်ဆိုခဲ့သည်။

နောင်ချိုမြို့မရဲစခန်းက မယ(ပ) ၄၁/၁၈ မူး/စိတ်ပုဒ်မ ၁၉(က) ၂၀/၂၁ အရ အမှုဖွင့် အရေးယူထားသည်။

သက်ဆိုင်ရာက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များ၏ ကာလတန်ဖိုးမှာ ကျပ် ၈၉၃၉၄၀,၀ ဖိုးခန့် ရှိပြီး မူးယစ်ဆေးဝါးများကို သယ်ဆောင်ခိုင်းသူ မနှင်းရီ ကို အဆိုပါနေ့ ည ၈ နာရီ ခန်တွင် မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ ဟိုပင်မြို့၊ မြသီတာရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးခဲ့သည်။