လူမှုကွန်ရက်ကို အသုံးပြု၍ စုမဲများလိမ်လည်ရောင်းချသူ အား ဆက်သွယ်ရေးဥပဒေဖြင့်အရေးယူထားကြောင်း ဇွန်၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ဇွန် ၂၁ ရက် ည ၇ နာရီအချိန်တွင် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်နေ ဒေါ်အေးအေးအောင်(၃၁)နှစ်သည် Zu Wati Hlaing Oo( Facebook Account) ဖြင့် ၂၀၁၈ ခုနှစ်၊ ဧပြီလ မှစ၍ ဒက္ခိဏမြို့နယ်နေ မေသော်ဇွန်(၃၃)နှစ်(May Thaw Zin) Facebook Accountနှင့် ခင်မင်ရင်းနှီးခဲ့ရာ ၎င်းက စုမဲများရောင်းရန်ရှိပြီး ဝယ်ယူရန် အာမခံသဖြင့် မေလ ၂၄ ရက်နေ့တွင် စုမဲတစ်မဲလျှင်ငွေ(၄၅၀၀၀၀)ကျပ်ပေးသွင်းထားပါက ဇွန်လ ၁၈ ရက်နေ့တွင် (၅)သိန်းကျပ်ကိုလည်းကောင်း၊ မေလ ၃၁ ရက်နေ့တွင် စုမဲ(၂)မဲအတွက် တစ်မဲလျှင် ငွေ(၄၆၀၀၀၀) ကျပ်ပေးသွင်းပါက ငွေ(၅)သိန်းကျပ်ကိုလည်းကောင်း ရရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့ကြောင့် ဒေါ်အေးအေးအောင်က စုမဲ(၃)မဲအတွက် ငွေ(၁၃၇၀၀၀၀)ကျပ်ကို မမေသော်ဇွန် ၏KBZ ATM Account သို့ (၂)ကြိမ်ခွဲ၍ Mobile Banking စနစ်ဖြင့် လွှဲပေးခဲ့သည်။
ထိုသို့ ငွေလွှဲပေးပြီးနောက် မေသော်ဇွန်မှာ ရှောင်တိမ်းနေခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲသည်။
ဇဗ္ဗူသီရိ မြို့မရဲစခန်း (ပ)၁၀၇ /၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) အရ အရေးယူထားသည်။
အလားတူ အဆိုပါနေ့ ည ၇ နာရီ ၅ မိနစ်အချိန် မေသော်ဇွန်က ၎င်း၏ Facebook Account ဖြင့် ခင်မင်ရင်းနှီးသူ ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်နေ ဒေါ်ဆုလာဒ်ရတနာ(၂၉)နှစ်၏ (ဆုလာဒ်ရတနာ) Facebook Account သို့စုမဲများရောင်းရန်ရှိပြီး ဝယ်ယူရန် ၎င်း ကိုယ်တိုင် အာမခံကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စုမဲ(၁)မဲငွေ(၄၃၀,၀၀၀)ကျပ်ပေးလျှင် ယခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် (၅)သိန်းကျပ်အား လည်းကောင်း မေလ ၂၀ ရက်နေ့တွင် စုမဲ(၁) မဲငွေ(၄၅၀,၀၀၀)ကျပ်ပေး လျှင်(၅)သိန်းကျပ်ကိုလည်းကောင်း ရရှိမည်ဟု ပြောဆိုခဲ့သည်။
ထို့ကြောင့် ဒေါ်ဆုလာဒ်ရတနာက စုမဲ(၂)မဲအတွက် ငွေ(၈၈၀,၀၀၀)ကျပ်အား ၎င်း၏ KBZ ATM Account သို့ ငွေလွှဲပေးခဲ့ပြီးနောက်မေသော်ဇွန်မှာ တိမ်းရှောင်နေသဖြင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေ လိမ်လည်သွားသူအား အရေးယူပေးရန်တိုင်တန်းကြားခဲ့သည်။
ဇဗ္ဗူသီရိမြို့မရဲစခန်း (ပ)၁၀၈/ ၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဂ)အရ အမှုဖွင့်အရေးယူထားသည်။
















