မန္တလေးတွင် စုကြေးငွေ သိန်း ၂၀၀ ကျော် အလွဲသုံးစား ပြုခဲ့သည်ဆိုသူကို အမှုဖွင့်

မန္တလေးတွင် စုကြေးငွေ သိန်း ၂၀၀ ကျော် အလွဲသုံးစား ပြုခဲ့သည်ဆိုသူကို အမှုဖွင့်

မန္တလေးတွင် စုကြေးငွေကျပ်(၂၃၁)သိန်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခဲ့သည်ဆိုသူကို သက်ဆိုင်ရာက  အမှုဖွင့် အရေးယူထား ကြောင်း ဇွန်၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္ဓိအရှေ့ရပ်ကွက်နေ ဦးဟိန်းမင်းဇော် (၃၀)နှစ်သည် နေအိမ်တွင်ရှိနေစဉ် ခင်မင်းရင်းနှီးသူ (၃၈)လမ်းနေ ဦးမိုးထက်ယံ(ခ)ဇော်ဝင်း(၃၆)နှစ် ရောက်ရှိလာ၍ ၎င်းသည် သိန်း(၃၀၀)လေလံစုကြေးဒိုင်အဖြစ်လုပ်ကိုင်မည်ဖြစ်သဖြင့် ၄င်းကို  ပါဝင်ရန်ပြောဆိုခဲ့သည်။

ထို့သို့ ပါဝင်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ စပြီး အဖွဲ့ဝင်(၁၀)ဦးခန့်ပါဝင်ကာ (၁၀)လအကြာ စုကြေးထည့်ရမည်ဟု ယုံကြည်အောင်ပြောဆိုခဲ့သောကြောင့် လေလံစုမဲ(၂)စုပါဝင်ခဲ့ကြောင်း၊ ထို့နောက် ဦးဟိန်းမင်းဇော်က မမေသူဇော်ဆိုသူအား စုမဲ(၁)စုပါဝင်စေခဲ့ပြီး ၎င်းကိုယ်တိုင်စုမဲ(၁)စုပါဝင်ခဲ့ရာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် မမေသူဇော် ရရှိမည့်စုကြေးငွေကို ထုတ်ယူခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဦးဟိန်းမင်းဇော် ရရှိမည့် စုကြေးငွေ(၂၃၁)သိန်းကို သွားရောက်ထုတ်ယူစဉ် မိုးထက်ယံ (ခ)ဇော်ဝင်းမှ ထုတ်ပေးခြင်းမရှိဘဲ ၎င်း၏စီးပွားရေးလုပ်ငန်းများတွင် သုံးစွဲထား၍ (၂)လခန့် စောင့် ဆိုင်းပေးရန်ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုခဲ့သော်လည်း ယနေအချိန်ထိ ထုတ်ပေးခြင်းမရှိသောကြောင့် ဇွန်လ ၂၁ ရက်နေ့တွင် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မဟာအောင်မြေမြို့မရဲစခန်းက(ပ)၄၃၄/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၆ အရ အရေးယူထားသည်။