ဆော်ဒီအာရေဗျနှင့် အီရန်တို့ အပေးအယူလုပ်နိုင်ပြီးနောက် အိုပက်အဖွဲ့က ရေနံထုတ်လုပ်မှု တော်သင့်ရုံတိုးမြှင့်မည်

ဆော်ဒီအာရေဗျနှင့် အီရန်တို့ အပေးအယူလုပ်နိုင်ပြီးနောက် အိုပက်အဖွဲ့က ရေနံထုတ်လုပ်မှု တော်သင့်ရုံတိုးမြှင့်မည်

ဗီယက်နာ    ဇွန် ၂၃
    ပြိုင်ဘက်များဖြစ်ကြသည့် ဆော်ဒီအာရေဗျနှင့် အီရန်တို့ အပေးအယူလုပ် ညှိနှိုင်းနိုင်ခဲ့ပြီးနောက် ရေနံထုတ်လုပ်သူများ အသင်း(အိုပက်)သည် လာမည့်လမှစ၍ ရေနံထုတ်လုပ်မှုကို အတန်အသင့်တိုးမြှင့်ရန် သဘောတူခဲ့ကြသည်။

ရေနံဈေးမြင့်တက်လာမှုကြောင့် ထိခိ်ုက်ခဲ့သည့် အဓိကဖောက်သည်များက တောင်းဆိုမှုဖြင့် အိုပက်အဖွဲ့၏ ဆုံးဖြတ် သဘောတူညီမှုတွင် ထုတ်လုပ်မှု မည်မျှတိုးမြှင့်မည်ဟု သဲသဲကွဲကွဲ ဖော်ပြထားခြင်း မရှိသေးပေ။ ရေနံဈေးနှုန်းသည် ယခုရက်ပိုင်း၌ ထပ်မံ၍ တစ်စည်လျှင် ၁ ဒသမ ၈၅ ဒေါ်လာမြင့်တက်ခဲ့ပြီး ၇၄ ဒသမ ၉၀ ဒေါ်လာအထိ ရောက်ရှိနေသည်။
    အိုပက်၏ကြေညာချက်ထွက်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိုပက်သည် ရေနံတိုးမြှင့်ထုတ်လုပ်မှု ကြာရှည်ပြုလုပ်ရန် မျှော်လင့်ကြောင်း၊ ရေနံဈေးဆက်ကျဖို့လိုကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ အမေရိကန်၊ တရုတ်နှင့် အိန္ဒိယတို့သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု မထိပါးရန် ရေနံထုတ်လုပ်သူများက ရေနံများတိုးတက်ထုတ်လုပ်ပေးရန် တိုက်တွန်းခဲ့သည်။ 
    တစ်ရက်လျှင် ပုံမှန်ထုတ်လုပ်မှုထက် ရေနံစည် ၁ သန်းဝန်းကျင် တိုးတက်ထွက်ရှိလာနိုင်ကြောင်း ဆော်ဒီကပြောသည်။ ယင်းသည် ကမ္ဘာ့သုံးစွဲမှု ၁ ရာခိုင်နှုန်းသာဖြစ်သည်။ အိုပက်၏တတိယအများဆုံးရေနံထုတ်လုပ်သူ အီရန်က သမ္မတထရမ့်၏ တောင်းဆိုချက်ကို ပယ်ချရန် အိုပက်ကို တောင်းဆိုခဲ့သည်။ သို့သော် ဆော်ဒီရေနံဝန်ကြီး ခါလစ်အယ်ဖာလစ်နှင့် အီရန်ရေနံဝန်ကြီး ဘီဂျန်ဇန်ဂါနက်တို့ ဆွေးနွေးပြီးနောက် ထုတ်လုပ်မှုတိုးမြှင့်ရန် အီရန်က သဘောတူခဲ့သည်။
    အိုပက်တွင် အများဆုံးရေနံထုတ်သည့် ဆော်ဒီအာရေဗျ၏ ရေနံဝန်ကြီးက ရေနံတစ်စည်လျင် ဒေါ်လာ ၇၀ ဈေးနှုန်းသည် အကောင်းဆုံးဖြစ်သည်ဟု ထင်ကြောင်းပြောဆိုခဲ့သည်။
အိုပက်နှင့် ၄င်း၏မဟာမိတ်များသည် လွန်ခဲ့သည့်နှစ်မှစ၍ ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် ၁ ဒသမ ၈ သန်း လျှော့ချခဲ့ကြသည်။ ယင်းကြောင့် ၂၀၁၆ တွင် ရေနံတစ်စည်လျှင် ၂၇ ဒေါ်လာအထိ ကျဆင်းခဲ့ရာမှ ၁၈ လအတွင်း ၇၅ ဒေါ်လာဝန်းကျင်သို့ မြင့်တက်လာခဲ့သည်။ သို့သော် ဗင်နီဇွဲလား၊ လစ်ဗျားနှင့် အန်ဂိုလာတို့တွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရေနံထုတ်လုပ်မှု ပိုမိုလျော့ကျခဲ့ရာ လွန်ခဲ့သည့်လများအတွင်း တစ်ရက်လျှင် ကမ္ဘာ့ရေနံထုတ်လုပ်မှုသည် စည်ပေါင်း၂ ဒသမ ၈ သန်း ဝန်းကျင် လျော့ကျခဲ့သည်။
    အိုပက်နှင့် အိုပက်မဟုတ်သည့် ရေနံထုတ်လုပ်သူများသည် စက်တင်ဘာတွင် ထပ်မံတွေ့ဆုံကာ အခြေအနေကို ပြန်လည်သုံးသပ်ကြမည်ဖြစ်သည်။ အိုပက်အဖွဲ့၏ ပုံမှန်စည်းဝေးပွဲမှာ ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။