အိန္ဒိယအရှေ့ပိုင်း၌ လူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားသည့် အမျိုးသမီးငါးဦး အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်ခံရ

အိန္ဒိယအရှေ့ပိုင်း၌ လူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားသည့် အမျိုးသမီးငါးဦး အုပ်စုဖွဲ့လိင်ပိုင်းအနိုင်ကျင့်ခံရ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဂျာခန်းပြည်နယ်၌ လူကုန်ကူးမှုဆန့်ကျင်ရေးလှုပ်ရှားသည့် အမျိုးသမီးငါးဦးအား လက်နက်ကိုင်တစ်စုက သေနတ်ထောက်ခြိမ်းခြောက်ပြီး လိင်ပိုင်းအနိုင်ကျင့်မှုကျူးလွန်ခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ဇွန် ၂၂ ရက်တွင်ပြောဆိုခဲ့သည်။

ပြည်နယ်ရှိ ခွန်တီခရိုင်၌ လူကုန်ကူးမှုများကျူးလွန်နေခြင်းကို လူများသတိထားမိစေရန် လှုပ်ရှားသူအမျိုးသမီးတစ်စုသည် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ အမျိုးသမီးများအား မော်တော်ယာဉ်များပေါ် အတင်းအကျပ်တင်ခေါ်ပြီး လူပြတ်သည့်နေရာတွင် လိင်ပိုင်းအနိုင်ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
    အမျိုးသမီးများသည် အင်န်ဂျီအိုတစ်ခုနှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်သည်။ အမျိုးသမီးများသည် ဆန္ဒထုတ်ဖော်ပြီးနောက်တွင် စာသင်ကျောင်းတစ်ကျောင်းသို့သွားရောက်ခဲ့ကာ စာသင်ကျောင်းသို့ရောက်ရှိပြီးနောက် လက်နက်ကိုင်အမျိုးသားတစ်စုရောက်ရှိလာပြီး အမျိုးသမီးအုပ်စုထဲမှ မိန်းကလေးငါးဦးကို ခေါ်ဆောင်ကာ လူပြတ်သည့်နေရာတွင် လိင်ပိုင်းအနိုင်ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှူး အေဗွီဟွမ်ကာက ပြောဆိုခဲ့သည်။
    သံသယရှိသူများကို ရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း ဟွမ်ကာကပြောဆိုခဲ့သည်။ အမျိုးသမီးငါးဦးသည် ရဲတပ်ဖွဲ့၏အစောင့်အရှောက်အောက်တွင် ရောက်ရှိနေပြီဖြစ်သောကြောင့် လုံခြုံနေပြီဖြစ်ကြောင်း အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။
    လိင်ပိုင်းအနိုင်ကျင့်သူများသည် ဒေသတွင်းသို့ အပြင်လူများဝင်ရောက်သည်ကို မလိုလားသည့် အဖွဲ့တစ်ဖွဲ့မှ အဖွဲ့ဝင်များဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ယူဆထားသည်။ အဖွဲ့သည် ခရိုင်တွင်းရှိ တိုင်းရင်းသားမျိုးနွယ်များ၏ထောက်ခံမှုကိုရရှိနေပြီး ဒေသတွင်းသို့ သူစိမ်းများမဝင်ရဟု သတိပေးစာများကို လူမြင်ကွင်းတွင် ချိတ်ဆွဲဖော်ပြထားသည်။
    ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတစ်ဝန်း လိင်ပိုင်းအနိုင်ကျင့်မှု ၄၀ဝ၀ဝ ခန့်ဖြစ်ပွားခဲ့သည်။ သို့သော် နိုင်ငံတွင်း လိင်ပိ်ုင်းအနိုင်ကျင့်ခံရကြောင်း တိုင်ကြားပါက ရဲတပ်ဖွဲ့ဝင်များက အလေးထားမှုမပြခြင်းနှင့် လိင်ပိုင်းအနိုင်ကျင့်ခံရသည့် အမျိုးသမီးများအပေါ် အထင်သေးအမြင်သေးကြခြင်းတို့ကြောင့် အနိုင်ကျင့်မှုများစွာကို တိုင်ကြားခြင်းမပြုခဲ့ချေ။
    မေတွင် ဂျာခန်း၌ ဆယ်ကျော်သက်မိန်းကလေးသုံးဦး လိင်ပိုင်းအနိုင်ကျင့်ခံရပြီးနောက် မီးတင်ရှို့ခြင်းခံခဲ့ရသည်။