လန်ဒန် ဇွန် ၂၃
ကင်းဘရိတ်မြို့စား မင်သားဝီလျံသည် အစ္စရေးနှင့် အနောက်ဘက်ကမ်းဒေသသို့ မကြာမီ သွားရောက်လည်ပတ်မည် ဖြစ်ရာ ယင်းသည် တစ်ချိန်က ဗြိတိန်အုပ်ချုပ်ခဲ့သည့် ယင်းဒေသသို့ ဗြိတိန်တော်ဝင်မိသားစုဝင်တစ်ဦး ပထမဆုံး သွားရောက်မှု ဖြစ်မည်ဟု သိရသည်။
ဗြိတိန်သည် နိုင်ငံပေါင်းချုပ်အသင်းကြီး၏ကွပ်ကဲမှုဖြင့် ယင်းဒေသကို ဆယ်စုနှစ်သုံးခုကျော် အုပ်ချုပ်ခဲ့ရာ အစ္စရေးနိုင်ငံ လွတ်လပ်ရေးရသည့်တိုင်အောင် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် အစ္စရေးလွတ်လပ်ရေးရရှိခဲ့ပြီး ပါလက်စတိုင်းတို့မှာမူ နိုင်ငံပျောက်ဆုံးခဲ့ရာ ယနေ့အချိန်ထိ ပဋိပက္ခများဖြစ်ပွားနေဆဲဖြစ်ပြီး ဗြိတိန်သည်လည်း အတိတ်ဆောင်ရွက်ချက်များအတွက် အပြစ်တင်ခံနေရဆဲဖြစ်သည်။
မင်းသားဝီလျံ၏ သမိုင်းဝင်အရှေ့အလယ်ပိုင်းခရီးစဉ်သည် ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုကာ သံရုံးပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား တင်းမာမှု တဖန်မြင့်တက်သွားချိန်၌ ပေါ်ထွက်လာခြင်းဖြစ်သည်။
ကန်ဆင်တန်နန်းတော်ကမူ နိုင်ငံရေးနှင့်မပတ်သက်ဘဲ တော်ဝင်မိသားစု၏ ပြည်ပခရီးစဉ်တစ်ခုသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ကြင်ရာတော် ကိတ်သည် ဧပြီကမှ တတိယမြောက်သားမွေးဖွားခဲ့၍ ဇွန် ၂၅ ရက်တွင် မင်းသားဝီလျံသည် ကြင်ရာတော်မပါဘဲ ဂျော်ဒန်မှတစ်ဆင့် အစ္စရေးသို့ရောက်ရှိမည်ဖြစ်သည်။ ဂျော်ဒန်တွင် ဇွန် ၂၂ ရက်၌ မင်းသားဝီလျံသည် ဂျော်ဒန်လူငယ်များ၊ ဗြိတိသျှစစ်မှုထမ်း၊ ဆီးရီးယားဒုက္ခသည်များနှင့် တွေဆုံမည်ဖြစ်သည်။ ယင်းနောက် ဇွန် ၂၃ တွင် အစ္စရေးသို့ရောက်ရှိကာ အစ္စရေးသမ္မတ ရူဗန်ရီဗလင်၊ ဝန်ကြီးချုပ် နေတာယာဟုတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ထို့ပြင် မင်းသားဝီလျံသည် သိမ်းပိုက်ခံအနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အဘတ်စ်နှင့်လည်း တွေ့ဆုံရန် မျှော်လင့်ရပြီး အောလစ်ဗ်တောင်ကို သွားရောက်လည်ပတ်ကာ ဇွန် ၂၈ တွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

















