အဒစ္စအဘာဘာ ဇွန် ၂၃
အီသီယိုးပီးယားနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးဝါဒီ ဝန်ကြီးချုပ် အဘီအာမက်အလီ တက်ရောက်သည့် ဧရာမလူထု စည်းဝေးပွဲတစ်ခုတွင် ပေါက်ကွဲမှုတစ်မှု ဖြစ်ပွားခဲ့ရာ အဘီအာမက် မထိခိုက်သော်လည်း တက်ရောက်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန် ၂၃ ရက်က မြို့တော်အဒစ္စအဘာဘာ၊ မက်စ်ကဲလ်ရင်ပြင်တွင် အဘီအာမက် မိန့်ခွန်းပြောကြားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဘီအာမက်က ပေါက်ကွဲမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။ ပေါက်ကွဲမှုအပြီး ယင်းနေရာမှ လုံခြုံရေးများဖြင့် ထွက်ခွာသွားသည့် အဘီအာမက်က ယခုကဲ့သို့ တိုက်ခိုက်မှုက ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ကို ထိခိုက်စေမည်မဟုတ်ကြောင်း ရုပ်သံမှတစ်ဆင့် ပြောဆိုခဲ့သည်။
ဧပြီကမှ အီသီယိုးပီးယား၏ သတ္တမမြောက် ဝန်ကြီးချုပ် ဖြစ်လာသည့် အဘီအာမက်သည် အာဏာရ အီသီယိုးပီးယားပြည်သူ့တော်လှန်ရေးဒီမိုကရက်တစ်တပ်ဦးပါတီနှင့် အော်ရိုမိုပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ပါတီ နှစ်ရပ်စလုံး၏ ဥက္ကဌဖြစ်သည်။ ပါလီမန်အမတ်တစ်ဦးလည်းဖြစ်သည့် အဘီအာမက်သည် စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးလည်း ဖြစ်ကာ ၄င်းဝန်ကြီးချုပ်ဖြစ်လာချိန်မှစ၍ ကျယ်ပြန့်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည်။

















