မြောက်ကိုရီးယားသည် ထူးထူးကဲကဲခြိမ်းခြောက်နိုင်စွမ်းရှိဆဲဟု သမ္မတထရမ့်ပြောဆို၍ ပိတ်ဆိ်ု့မှုများ ထပ်မံသက်တမ်းတိုးပြန်

မြောက်ကိုရီးယားသည် ထူးထူးကဲကဲခြိမ်းခြောက်နိုင်စွမ်းရှိဆဲဟု သမ္မတထရမ့်ပြောဆို၍ ပိတ်ဆိ်ု့မှုများ ထပ်မံသက်တမ်းတိုးပြန်

ဝါရှင်တန်    ဇွန် ၂၃
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားသည် နျူကလီးယားလက်နက်များဖြင့် ထူးထူးကဲကဲ ခြိမ်းခြောက်နိုင်စွမ်းရှိဆဲဟုဆိုကာ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများကို ထပ်မံသက်တမ်းတိုးခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုမရှိတော့ဟု ဇွန် ၁၃ ရက်က တွစ်တာတွင်ရေးသားခဲ့ပြီးနောက် ယခု ခြိမ်းခြောက်နိုင်စွမ်းရှိဆဲဟု ထရမ့် မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် စစ်ရေးလေ့ကျင့်မှု နှစ်ခုထက်မနည်း ဖျက်သိမ်းခဲ့ပြီး ယင်းသည် သံတမန်ရေးရာစေ့စပ်မှုကိုထောက်ကူရန်ဟု ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယားနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုသည် အမျိုးသားအရေးပေါ်အခြေအနေ ရင်ဆိုင်ရသည်ဟု ၂၀ဝ၈ ခုနှစ်မှ စတင်သတ်မှတ်ခဲ့သည်။ ယင်းအခြေအနေကို အမေရိကန်သမ္မတများက ပုံမှန်အတည်ပြုလျက် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများလည်း စတင်ချမှတ်လာခဲ့ခြင်းဖြစ်သည်။ သမ္မတထရမ့်ကလည်း ယင်းအခြေအနေကို ဇွန် ၂၂ ရက်တွင် ထပ်မံအတည်ပြုခဲ့သည်။
    အမေရိကန်၏ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် စီးပွားရေးတို့ကို မြောက်ကိုရီးယားက ထူးထူးကဲကဲ ဆက်လက်ခြိမ်းခြောက်နိုင်ဆဲဟု ထရမ့်က ကွန်ဂရက်လွွှတ်တော်ကို သတိပေးခဲ့သည်။ ဇွန် ၁၂ ရက်က စင်ကာပူတွင် ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီးနောက် သမ္မတထရမ့်ပြောခဲ့သည့်စကားများနှင့် ယခုပြောကြားမှု ရှေ့နောက်မညီကြောင်း ဒီမိုကရက် အမတ်များက ဝေဖန်ခဲ့ကြသည်။
    ရီပတ်ဘလီကန်ဆီးနိတ်အမတ် ဂျွန်မက်ကိန်းကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများရပ်ဆိုင်းရန် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အမှားအယွင်းတစ်ခုဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။