ဘရာဇီး၌ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေး အမျိုးသမီးရာပေါင်းများစွာ ချီတက်တောင်းဆို

ဘရာဇီး၌ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေး အမျိုးသမီးရာပေါင်းများစွာ ချီတက်တောင်းဆို

ရီယိုဒီဂျနေရို ဇွန် ၂၃
ဘရာဇီးနိုင်ငံ၌ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေဖြင့် အတည်ပြု ခွင့်ပြုရေးတောင်းဆိုသည့်အနေဖြင့် ရီယိုဒီဂျနေရို၌ ဇွန် ၂၂ ရက်တွင် အမျိုးသမီးရာပေါင်းများစွာသည် ချီတက်ဆန္ဒပြခဲ့ကြသည်။

အိမ်နီးချင်းအာဂျင်တီးနား၌ အောက်လွှတ်တော်သည် အခြေအနေပေါ်မူတည်ပြီး ကိုယ်ဝန်ကာလ ပထမ ၁၄ပတ်အတွင်း ကိုယ်ဝန်ဖျက်ချခွင့်ပေးသည့် ဥပဒေကြမ်းကို အတည်ပြုခဲ့သောကြောင့် ဘရာဇီးသူများ အားတက်ပြီး နိုင်ငံတွင်း တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 
ဆန္ဒပြသူအမျိုးသမီးများသည် ချမ်းသာသည့် အမျိုးသမီးများက ကိုယ်ဝန်ဖျက်ချချိန်၌ လူဆင်းရဲအမျိုးသမီးများ သေဆုံးနေသည်ဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။ 
ရီယိုရှိ ဆန္ဒပြသူများသည် ပြည်နယ်လွှတ်တော်မှ မြို့ကောင်စီရုံးသို့ ချီတက်ခဲ့ကြသည်။
    အမျိုးသမီးတစ်ဦးကို မိခင်ဘဝရောက်အောင် အတင်းအကျပ်လုပ်ခွင့်မရှိကြောင်း ယဉ်ကျေးမှုပွဲတော်များကို စီစဉ်သူဖြစ်သလို ကလေးနှစ်ဦးတို့၏မိခင်လည်းဖြစ်သည့် တီနာတီဂရီကပြောဆိုခဲ့သည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေဖြင့် တရားဝင်ပြုလုပ်ပေးပြီး ဆေးရုံများတွင်သာ အန္တရာယ်ကင်းစွာဖြင့် ကိုယ်ဝန်ဖျက်ချခွင့်ရလိုကြောင်း ၎င်းကပြောဆိုခဲ့သည်။
    သြဂုတ်တွင် ဘရာဇီးအောက်လွှတ်တော်သည် ကိုယ်ဝန်ဖျက်ချမှုနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။ ယမန်နှစ်တွင် အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦးထပ်မံမွေးဖွားမှုကြောင့် ၎င်း၏မိသားစု စိတ်ပိုင်းနှင့် ငွေကြေးပိုင်းအရ ဝန်ပိတော့မည်ဖြစ်သောကြောင့် ကိုယ်ဝန်ဖျက်ချခွင့်ပေးရန် လျှောက်ထားမှုနှင့်ပတ်သက်၍ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ရာတွင် ကွန်ဂရက်စ်ကလည်း ကူညီမည်ဖြစ်သည်။ 
    ရိုမန်ကက်သလစ်ဘာသာဝင်ဦးရေများပြားပြီး ဧဝံဂလိအယူကိုလက်ခံသူဦးရေ တဖြည်းဖြည်းများပြားလာနေသည့် ဘရာဇီး၌ မိခင်လောင်းအတွက် အသက်အန္တရာယ်ရှိနေခြင်း၊ အမျိုးသမီး လိင်ပိုင်းအနိုင်ကျင့်ခံရမှုကြောင့် ကိ်ုယ်ဝန်ရှိလာခြင်းနှင့် သန္ဓေသား၏ဦးနှောက်ဖွံ့ဖြိုးမှုမရှိခြင်းအပါအဝင် ပုံမမှန်ခြင်း အစရှိသည့် အချက်သုံးချက်အနက်တစ်ခုခုနှင့် ကိုက်ညီမှသာ ကိုယ်ဝန်ဖျက်ချခွင့်ပေးထားသည်။
    ဘရာဇီး၌ အမျိုးသမီး ၄၀ဝ၀ဝ၀ မှ ၈၀ဝ၀ဝ၀ ခန့် နှစ်စဉ်ကိုယ်ဝန်ဖျက်ချနေပြီး အများစုမှာ ဥပဒေနှင့် ညီခြင်းမရှိချေ။