မော်စကို ဇွန် ၂၃
၂၀၁၄ ခုနှစ်တွင် ရုရှားက ယူကရိန်းပိုင် ကရိုင်းမီးယားကို သိမ်းပိုက်ခဲ့မှုကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး ရုရှားနိုင်ငံမြောက်ဖျားပိ်ုင်းရှိ အကျဉ်းထောင်တစ်ခု၌ အကြမ်းဖက်မှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသည့် ယူကရိန်းနိုင်ငံသားဒါရိုက်တာ အိုလက်ဆန်ဆော့ဗ်သည် အစာအငတ်ခံဆန္ဒပြနေသည်မှာ ရက် ၄၀ ပြည့်သွားပြီဖြစ်ကာ အကျိုးဆက်အဖြစ် ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်( ၄၄ ပေါင်) လျော့ကျသွားပြီဖြစ်ကြောင်း ဆန်ဆော့ဗ်၏ရှေ့နေက ပြောဆိုခဲ့သည်။
ဇွန် ၂၂ ရက်တွင် ဆန်ဆော့ဗ် အစာအငတ်ခံဆန္ဒပြသည်မှာ ရက် ၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ရှေ့နေ ဒီမီထရီဒင်ဇ်သည် ဆန်ဆော့ဗ်အား ဇွန် ၂၁ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်။ ဆန်ဆော့ဗ်သည် ဗီတာမင်များနှင့် အာဟာရများကို ပိုက်မှတစ်ဆင့်ရရှိနေသော်လည်း လွန်စွာအားနည်းကာ ဖြူဖျော့နေပြီဖြစ်ကြောင်း ရှေ့နေ ဒင်ဇ်ကပြောဆိုခဲ့သည်။
ရုရှား၌ ချုပ်နှောင်ခံထားရသည့် ယူကရိန်းအကျဉ်းသားများနှင့် ဆန်ဆော့ဗ်တို့အတွက် စိုးရိမ်မိကြောင်း စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ခုနစ်နိုင်ငံ( ဂျီ ၇ ) တို့မှ သံအမတ်ကြီးများက တိုက်တွန်းပြောဆိုခဲ့သည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပနေချိန်တွင် ရုရှားသည် အပြုသဘောဆောင်သည့်အနေဖြင့် ယူကရိန်းအကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်း ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ အမေရိကန်သံရုံးကပြောဆိုခဲ့သည်။
ယူကရိန်းအစိုးရကိုယ်စားလှယ်တစ်ဦးသည် လွန်ခဲ့သောအပတ်တွင် ရုရှားသို့သွားရောက်ခဲ့သော်လည်း ယူကရိန်းအစိုးရက နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ခံထားရသည့် ဆန်ဆော့ဗ်အပါအဝင် အကျဉ်းသားများနှင့် တွေ့ဆုံခွင့်မရခဲ့ချေ။
ကရိုင်းမီးယားနယ်သား ဆန်ဆော့ဗ်သည် ယူကရိန်းနိုင်ငံသား ၆၄ ဦးကို ပြန်လွှတ်ပေးရန် ရုရှားအစိုးရကိုတောင်းဆိုခဲ့သည်။ ဆန်ဆော့ဗ်သည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိလိုပါက ဦးစွာတောင်းဆိုရန်လိုအပ်ကြောင်း ရုရှားအစိုးရ၏ပြောခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်ကပြောဆိုခဲ့သည်။

















