ဓားပြတိုက်ပြီး တိမ်းရှောင်နေသူများထဲမှ တစ်ဦးကို သက်ဆိုင်ရာက ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

ဓားပြတိုက်ပြီး တိမ်းရှောင်နေသူများထဲမှ တစ်ဦးကို သက်ဆိုင်ရာက ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

ဓားပြတိုက်မှုတွင် ပါဝင်ခဲ့ပြီးတိမ်းရှောင်နေသူများ ထဲမှ တစ်ဦးကို သက်ဆိုင်ရာက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဆေးရုံပို့စဉ် သေဆုံးခဲ့ကြောင်း  ဇွန် ၂၂ ရက်တွင်  ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

  ဇွန် ၈ ရက် နံနက် ၁ နာရီအချိန် ဟုမ္မလင်းမြို့နယ်၊ နံ့သာကျေးရွာအုပ်စု၊ ဟွေ့ချောင်းရွှေမှော်ရှိ နေအိမ်ဈေးဆိုင်တွင် ဒေါ်ရီရီဝင်း(၄၃)နှစ်နှင့် ၎င်း၏မောင် ဇော်မင်းထွန်း(၂၈)နှစ် တို့အိပ်နေစဉ် ဈေးဆိုင်တံခါးကို ဆွဲဖွင့်၍  မျက်နှာတွင်အဝတ်များစည်းလျက် ဓားရှည်ကိုယ်စီကိုင် ဆောင်ထားသည့် အမျိုးသား ၁၂ ဦး(စိစစ်ဆဲ)သည် ဈေးဆိုင်အတွင်း ဝင်ရောက်လာကြောင်းသိရသည်။
ထို့နောက် ဇော်မင်းထွန်းကို ဓားဖြင့်ခုတ်၊ ရင်ဘတ်ကို ဓားဖြင့်ထောက်၍  ကျပ် သိန်း ၅၀ ၊ ရွှေ ၂၀ ကျပ်သား (ကာလတန်ဖိုး ကျပ် ၁၈၆ သိန်းခန့်)၊ လက်ကိုင်ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့အား ယူဆောင်သွားခဲ့သောကြောင့် မိုင်းကိုင်း နယ်မြေရဲစခန်းက(ပ)၂၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ အရ အမှုဖွင့်စုံစမ်းခဲ့သည်။
သက်ဆိုင်ရာက အမှုတွင်ပါဝင်သူ ကျော်ရွှေပါ (၃)ဦးကိုဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်အရ ကောလင်းမြို့၊ တောင်စိမ်းကျေးရွာနေ ခင်ထူး(၃၄)နှစ် ပါ ကျား ၆ ဦးတို့ လည်း အမှုတွင်ပါရှိကြောင်းထွက်ဆိုခဲ့သည်။
 အမှုဖြင့်တိမ်းရှောင်နေသူ ခင်ထူးနှင့် တောင်စိမ်းကျေးရွာနေ စိုးအောင်(၄၀)နှစ် တို့သည် တုံလုံကျေးရွာနှင့် ၇ မိုင်ခန့်အကွာ နန့်တော်-ဆယ်ဇင်း ကားလမ်းဘေးတုံလုံကျေးရွာနေ သန်းပို၏ယာတဲများ၌ ရောက်ရှိနေကြောင်း သတင်း အရ ဇွန် ၂၁ ရက် နံနက် ၂ နာရီ ခွဲအချိန် တပ်မတော်သားများနှင့် မိုင်းကိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်  ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။ ၎င်းတဲအတွင်းမှ စိုးအောင်နှင့်ခင်ထူး တို့သည် ခုန်ချပြီး ထွက်ပြေးသောကြောင့် သက်ဆိုင်ရာက တားဆီးပစ်ခတ်သော်လည်း ဆက်လက် ထွက်ပြေးနေသဖြင့် တပ်မတော်သားများက ပစ်ခတ်ဖမ်းဆီးခဲ့ရာ စိုးအောင်မှာ ယာဒူး/တင်ပါးဆုံ သေနတ်ဒဏ်ရာ ၁ ချက်စီ(စိုးရိမ်ရ)ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ခင်ထူးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ 
 ဖမ်းဆီးရမိသူ စိုးအောင် လွယ်ထားသော ဂျင်းလွယ်အိတ်အတွင်းမှ အချိုရည်ဗူးဖြင့် ထည့်လျက် ဘိန်းဖြူ ၁၃ ဂရမ်၊ အရိုးအသွား ၁ ပေ၊ ၁ လက်မခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား ၁ ပေခွဲ ခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ ပြစ်မှုကျူးလွန်စဉ် မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့သည့် ပုဆိုး ၁ ထည်၊ လေးခွ ၁ လက်၊ ခေါင်းစွပ်ဓာတ်မီး ၁ လက်၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီးတို့ တွေ့ရှိသိမ်းဆည်းခဲ့သည်။ 
ဒဏ်ရာ ရရှိသူ စိုးအောင်ကို သက်ဆိုင်ရာက နန့်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် စိုင်းကြူကျေးရွာအရောက် ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားကြောင်းနှင့် စိုးအောင် ကို မိုင်းကိုင်းနယ်မြေရဲစခန်းက မယ(ပ)၂၆/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၂(ခ)အရ လည်းကောင်း၊ စိုးအောင် သေဆုံးမှုအား သေမှုသေခင်းအမှတ်စဉ်(၂၅/၁၈)ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး