မိုးညှင်းတွင် ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများနှင့်တူမီးသေနတ်ဖမ်းမိ

မိုးညှင်းတွင် ကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများနှင့်တူမီးသေနတ်ဖမ်းမိ

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာအနီး ဆင်ခေါင်းတောင်ခြေ လယ်တောတဲတွင် ဘိန်းဖြူထည့်ထားသည့်ဆပ်ပြာခွက် ၁၆၅ ခွက်(ကျပ်သိန်း၂၄၀ဝ ကျော်ဖိုး)နှင့် တူမီးသေနတ်တစ်လက်ကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၂၂ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစိတ်မှ ရဲအုပ် အောင်ဆန်းဝင်းဦးစီးသည့် အဖွဲ့နှင့် မြစ်ကြီးနားမြို့မရဲစခန်းမှ ပူးပေါင်း တပ်ဖွဲ့ဝင်များသည် မူးယစ်သတင်းအရ ဆင်ခေါင်းတောင်ခြေရှိ လယ်တောတဲကို ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ 
အဆိုပါ လယ်တဲကျပ်ခိုးစင်ပေါ်ရှိ အဖြူရောင်ဆာလာအိတ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါကြား အမှုန့် ၁၁ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၁၆၅ ခွက် (စုစုပေါင်းအလေးချိန် ၁၈၁၅ ဂရမ်ခန့်)၊ ကာလတန်ဖိုး ကျပ်သိန်းတစ်ထောင့်သုံးရာနီးပါး(၁၂၇,ဝ၅၀,ဝ၀ဝ ကျပ်)ကို တွေ့ရှိခဲ့ကြောင်း၊ လယ်တဲ၏ အရှေ့ဘက် ပေ ၂၀ ခန့် အကွာရှိ ကောက်ရိုးပုံထဲမှ အစိမ်းရောင်ဆာလာအိတ်အတွင်းထည့်ထားသော စိတ်ကြွဆေးပြား ၁၉၀ စီပါ ၂၀ဝ ထုပ်၊ ကာလတန်ဖိုးကျပ်သိန်းတစ်ထောင့်တစ်ရာကျော်(၁၁၄,ဝ၀ဝ,ဝ၀ဝ ကျပ်) တို့ကို ပူးပေါင်းအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လယ်တောတဲအတွင်း၌ မူးယစ်ဆေးဝါးများနှင့်အတူ ဦးပွားမောင်( ၅၆ နှစ်)နှင့် ဇနီး ဒေါ်ခင်ဌေးတို့ကို တွေ့ရှိခဲ့ပြီး အရှည် ၄ ပေခန့်ရှိ သစ်သားကိုယ်ထည်တွင် သံပြောင်းတပ်ထားသော လုပ်သေနတ် တူမီးတစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့နှစ်ဦးအား စစ်ဆေးချက်များအရ အဆိုပါမူးယစ်ဆေးများသည် နန့်မွန်းကျေးရွာအနောက်ပိုင်းရပ်ကွက်၊ အိမ်အမှတ် (၈၅)တွင် နေထိုင်သော သမီးအရင်းဖြစ်သူ မချိုချိုဝင်းမှ  ပြန်လည်ရောင်းချရန်အတွက် လာရောက်အပ်နှံထား ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ မချိုချိုဝင်း၏ နေအိမ်သို့ ဆက်လက်ရှာဖွေရာ မချိုချိုဝင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ၎င်းတို့ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
လုံးတုံ နယ်မြေရဲစခန်းတွင် မယ(ပ)၂၇/၂၀၁၈၊  မူးယစ်ပုဒ်မ ၁၉(က)/၂၁/၂၂/(ခ) အရ အမှုဖွင့်အရေးယူထားသည်။