လန်ဒန် ဇွန် ၂၄
"Game of Thrones" ရုပ်သံဇာတ်လမ်းတွဲများတွင် ဇာတ်ဆောင်များဖြစ်သည့် ဂျွန်စနိုးနှင့် ယဂရစ် တို့နေရာမှပါဝင်သရုပ်ဆောင်ခဲ့သည့် ကစ်ဟာရင်တန်နှင့် ရို့စ်လက်စ်လေတို့သည် ဇွန် ၂၃ ရက်တွင် စကော့တလန်အရှေ့မြောက်ပိ်ုင်း အာဘာဒင်းရှိုင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းတွင် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်သည်။
သက်တမ်း ၉၀ဝ ရှိပြီဖြစ်သည့် ဝတ်ဟီးလ်ရဲတိုက်နားရှိ ရေးဘုရားကျောင်း၌ မွန်းလွဲချိန်တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ရဲတိုက်ကို လက်စ်လေ၏မိသားစုက ပိုင်ဆိုင်ခြင်းဖြစ်သည်။ နံနက်ခင်းပွဲတက်ဝတ်စုံကိုဝတ်ဆင်ထားသည့် ဟာရင်တန်နှင့် ဆင်စွယ်ရောင်ဂါဝန်ကိုဝတ်ဆင်ထားသည့် လက်စ်လေတို့သည် ဘုရားကျောင်းအပြင်ဘက်တွင် စုဝေးခဲ့သည့် ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။
"Game of Thrones" တွင်ပါဝင်သရုပ်ဆောင်ခဲ့သည့် ပီတာဒင်ကလာ့၊မေစီဝီလျံစ်၊ ဆိုဖီတာနာနှင့် အဲမီလီယာကလာ့ခ်တို့လည်း မင်္ဂလာပွဲတက်ရောက်ခဲ့သည်။ အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ဟာရင်တန်နှင့် လက်စ်လေတို့သည် အိပ်ချ်ဘီအို၏ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် "Game of Thrones" အတွက် ရုပ်ရှင်ရိုက်ရင်း ၂၀၁၂ ခုနှစ်တွင် ဆုံစည်းခဲ့သည်။ လက်စ်လေသည် ၂၀၁၄ ခုနှစ်တွင် "Game of Thrones" သရုပ်ဆောင်အဖြစ်မှနုတ်ထွက်ပြီး ယခုလောလောဆယ်တွင် အမေရိကန်တရားရေးဇာတ်လမ်းဖြစ်သည့် The Good Fight တွင်ပါဝင်သရုပ်ဆောင်နေသည်။
စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း ဟာရင်တန်နှင့်လက်စ်လေတို့က စက်တင်ဘာတွင် တိုင်းမ်စ်အော့ဖ်လန်ဒန်သတင်းစာတွင် ဖော်ပြခဲ့သည်။ ပျော်စရာကောင်းသောနေ့ဖြစ်ပြီး လက်ထပ်ပွဲအတွက် ဝမ်းမြောက်မိကြောင်း လက်စ်လေ၏ဖခင် ဆီဘတ်ရှန်းလက်စ်လေက ပြောဆိုခဲ့သည်။

















