ဗာတီကန်စီးတီး ဇွန် ၂၄
ဗာတီကန်ကျောင်းတော်၏သံတမန်ဟောင်း ကာလိုအဲလ်ဘာတိုကာပယ်လာသည် ကလေးသူငယ် ဆိုင်ရာအပြာဗီဒီယိုနှင့် ဓာတ်ပုံများကို လက်ဝယ်ထားရှိမှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရပြီဖြစ်သည်။
ကာပယ်လာသည် ဗာတီကန်တရားရုံးတစ်ရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံပြီး ပြစ်ဒဏ်လျှော့ချပေးရန် အသနားခံခဲ့သည်။ ကာပယ်လာ၏ မိုဘိုင်းဖုန်းထဲတွင် အပြာဗီဒီယိုနှင့် ဓာတ်ပုံများကို တွေ့ရှိခဲ့ကြောင်း စွပ်စွဲမှုနှင့်ပတ်သက်၍ ရုံးတင်စစ်ဆေးကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်ဒီစီရှိ ဗာတီကန်သံရုံး၌ တာဝန်ထမ်းဆောင်စဉ် ပုဂ္ဂိုလ်ရေးအရ အကျပ်အတည်းရှိခဲ့ကြောင်း ကာပယ်လိုကပြောဆိုခဲ့သည်။ အမေရိကန်အာဏာပိုင်များက ကာပယ်လာနှင့်ပတ်သက်၍ သံသယရှိကြောင်း ဗာတီကန်ကျောင်းတော်ကို အသိပေးခဲ့ပြီးနောက် ရိုမန်ကက်သလစ်ဘုန်းကြီးလည်းဖြစ်သည့် ကာပယ်လာအား အမေရိကန်မှ ပြန်လည်ခေါ်ယူခဲ့သည်။ ကာပယ်လာအား အမေရိကန်ပြည်ထောင်စုတွင် ရုံးတင်စစ်ဆေးနိုင်ရန်အတွက် ကာပယ်လာ၏သံတမန်ဆိုင်ရာ ရုံးတင်စစ်ဆေးအပြစ်ပေးခံရမှုမှ ကင်းလွတ်ခွင့်ကို ရုပ်သိမ်းပေးရန် အမေရိကန်အာဏာပိုင်များက တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံသားတစ်ဦးဖြစ်သည့် ကာပယ်လာကိုလည်း ကနေဒါရဲတပ်ဖွဲ့က ဖမ်းဆီးမိန့်ထုတ်ခဲ့သည်။
ကာပယ်လာသည် ဗာတီကန်ရှိ အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံရမည်ဖြစ်သလို ဒဏ်ငွေအဖြစ် ယူရို ၅၀ဝ၀( ဒေါ်လာ ၅၈၀ဝ) ကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။ ကက်သလစ်ဘုရားကျောင်းတော်ရှိ ဘုန်းကြီးများသည် ကလေးသူငယ်များအား လိင်ပိုင်းအနိုင်ကျင့်ခဲ့ကြောင်း မကြာသေးမီနှစ်များအတွင်း စွပ်စွဲမှုများရှိလာခဲ့သည်။
ချီလီ၌ သြဇာကြီးမားသည့် ဘုန်းကြီးတစ်ပါး လိင်ပိုင်းအနိုင်ကျင့်ခဲ့ပြီး ယင်းကို အခြားသြဇာကြီးမားသည့် ဘုန်းကြီးတချို့က ဖုံးဖိထားခဲ့ကြောင်း ထွက်ပေါ်ခဲ့ပြီးနောက် ချီလီရှိ ဘုန်းကြီး ၃၄ ဦးသည် နုတ်ထွက်မည် ဖြစ်ကြောင်း မေတွင် ထုတ်ပြန်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ယင်းနုတ်ထွက်လိုသူသုံးဦးတို့ လျှောက်ထားမှုကို လက်ခံခဲ့ပြီးဖြစ်သည်။
သြစတြေးလျ၌ မေတွင် ဂိုဏ်းချုပ်ဘုန်းကြီးတစ်ပါးဖြစ်သည့် ဖိလစ်ဝီလ်ဆင်သည် ၁၉၇၀ ခုနှစ်များတွင် ကျူးလွန်ခဲ့သည့် ကလေးသူငယ်လိင်ပိုင်းအနိုင်ကျင့်မှုများကိုဖုံးဖိထားခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဝီလ်ဆင်သည် တာဝန်ဆက်လက်ထမ်းဆောင်ခြင်းမပြုတော့သော်လည်း ဂိုဏ်းချုပ်အဖြစ်မှနုတ်ထွက်ခြင်းမပြုသေးချေ။
၂၀၁၃ ခုနှစ်တွင် ဗာတီကန်အုပ်ချုပ်ရေးအဖွဲ့ ဟိုးလီးဆီးသည် ဒိုမီနီကန်သမ္မတနိုင်ငံဆိုင်ရာ ဗာတီကန်သံတမန် ဟိုဆက်ဝဲဆိုလိုစကီးအား ပြန်လည်ခေါ်ယူပြီး ကလေးသူငယ်လိင်ပိုင်းပြစ်မှုများဖြင့် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် ဝဲဆိုလိုစကီး သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

















