ရီယာ့ဒ် ဇွန် ၂၄
ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများအား ပြီးခဲ့သည့် ဆယ်စုနှစ်များတောက်လျှောက် ယာဉ်မောင်းခွင့် ပိတ်ပင်ထားမှုကို ဇွန် ၂၄ ရက်တွင် တရားဝင်ရုပ်သိမ်းကာ ယာဉ်မောင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အမျိုးသမီးများအား ယာဉ်မောင်းခွင့်ပြုမည့် အစီအစဉ်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာက ကြေညာခဲ့ခြင်းဖြစ်ပြီး ယခုလဆန်းပိုင်းကစတင်ကာ အမျိုးသမီးများအားယာဉ်မောင်းလိုင်စင်များ စတင် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီသည် ကမ္ဘာပေါ်တွင် အမျိုးသမီးများယာဉ်မောင်းခွင့်မရှိသည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး အမျိုးသမီးများသွားလာရေးအတွက် ယာဉ်ပိုင်ရှိသူများသည် သီးသန့် ယာဉ်မောင်းများခန့်ထားရသဖြင့် ငွေကုန်ကြေးကျလည်း များပြားလျက် ရှိနေသည်။
ပြီးခဲ့သည့်နှစ်ပိုင်းများတောက်လျှောက် အမျိုးသမီးများယာဉ်မောင်းခွင့်ရရေး လှုံ့ဆော်ကြိုးပမ်းခဲ့သည့် လူ့အခွင့်အရေး လှုပ်ရှားသူအများအပြားသည် ဖိနှိပ်ခံ၊ အရေးယူခံရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဆော်ဒီအမျိုးသမီးများ ယာဉ်မောင်းခွင့်ရရှိရေးလှုံ့ဆော်ကြိုးပမ်းခဲ့သည့် လိုဂျန် အယ်ဟာသာလိုသည် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ဆော်ဒီတွင် အမျိုးသမီးများယာဉ်မောင်းခွင့် ရရှိပြီဖြစ်သော်လည်း အခြားသောအလားတူကဏ္ဍများတွင် အမျိုးသမီးများသည် အမျိုးသားများ၏ ထိန်းချုပ်မှု၊ ဆုံးဖြတ်မှုအောက်တွင် ရှိနေသေးခြင်းကို ဆက်လက်တိုက်ပွဲဝင်သွားရဦးမည်ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပြောကြားသည်။
ပြီးခဲ့သည့် နှစ်ပိုင်းများတောက်လျှောက် ဆော်ဒီအမျိုးသမီးများသည် ယာဉ်မောင်းခွင့် ပိတ်ပင်ထားခြင်းကို ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်များက မြို့တော် ရီယာ့ဒ်တွင် ယာဉ်မောင်းမှုဖြင့် အမျိုးသမီး ဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။ ၂၀ဝ၈ ခုနှစ်တွင် ဆော်ဒီအမျိုးသမီးအချို့သည် ကိုယ်တိုင်ယာဉ်မောင်းကာ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်ခဲ့ကြသည်။
ယခုကဲ့သို့ အမျိုးသမီးများယာဉ်မောင်းခွင့် ရရှိလာခြင်းသည် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟမ္မဒ် ဘင် ဆယ်လ်မန်၏ ဆော်ဒီလူ့အဖွဲ့အစည်း ခေတ်မီတိုးတက်ရေးစီမံကိန်းထဲတွင်လည်း အကြုံးဝင်နေသည်။ ၂၀၃၀ ပြည့်နှစ်ကို နောက်ဆုံးထား ရည်မှန်းချက် ချမှတ်ကာ ဆော်ဒီစီးပွားရေးကိုလည်း ရေနံကိုမှီခိုစရာမလိုဘဲ ဈေးကွက်စီးပွားရေးပုံစံဖြင့် လည်ပတ်နိုင်အောင် ပြုပြင်ပြောင်းလဲလျက်ရှိသည်။

















