ဟာရာရီ ဇွန် ၂၄
ဇင်ဘာဘွေသမ္မတ အီမာဆန် နန်ဂါဂွာသည် ဘူလာဝါယိုမြို့တွင် ကျင်းပသောလူထုစည်းရုံးရေးပွဲသို့ တက်ရောက်စဉ် ဗုံးခွဲလုပ်ကြံမှုမှ သီသီလေးကပ်၍ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
သမ္မတနန်ဂါဂွာရပ်နေသည့် နေရာနှင့် လက်မအနည်းငယ်လောက်သာကွာသောနေရာမှ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သော်လည်း ထိုအချိန်တွင် သမ္မတသည် မိန့်ခွန်းပြောပြီးနောက် စင်ပေါ်မှ ပြန်ထွက်ခွာသွားချိန်ဖြစ်သောကြောင့် လွတ်မြောက်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိကာသုံးဦးမှာ စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဒေးဗစ် ပါရီရန်ယတ်ဝါက ပြောသည်။
ဇူလိုင် ၃၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ၎င်း၏ ဇာနူ-ပီအက်ဖ် ပါတီအတွက် မဲဆွယ်ရန် ဇင်ဘာဘွေ၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်၊ အတိုက်အခံများလွှမ်းမိုးထားသည့်မြို့လည်းဖြစ်သောဘူလာဝါယိုတွင် စည်းရုံးဟောပြောပွဲ၌ ဗုံးခွဲလုပ်ကြံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံကို ၃၇ နှစ်ဆက်တိုက် အုပ်ချုပ်ခဲ့သောရောဘတ် မူဂါဘီကို ဖြုတ်ချခဲ့ပြီးနောက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။
နန်ဂါဂွာသည် ဇူလိုင် ၃၀ ရွေးကောက်ပွဲတွင် အောင်ပွဲဆင်နိုင်ခြေရှိသူအဖြစ် ရေပန်းစားနေသည်။ လက်ဦးဆရာဖြစ်သူ သမ္မတဟောင်းရောဘတ် မူဂါဘီကို ဖြုတ်ချခဲ့မှု၊ မူဂါဘီလက်ထက်တွင် အတိုက်အခံများကို နှိမ်နင်းရာ၌ ဦးဆောင်ပါဝင်ခဲ့မှုများကြောင့် ရန်သူပေါများသူတစ်ဦးလည်း ဖြစ်သည်။
သမ္မတနန်ဂါဂွာထိခိုက်မှုမရှိသော်လည်းဒုသမ္မတနှစ်ဦးဖြစ်သောကမ်ဘိုမိုဟာဒီနှင့် ကွန်စတန်တီနိုချီဝမ်ဂါတို့ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကြောင်းသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ထားသည်။ ဇာနူ-ပီအက်ဖ်ပါတီဥက္ကဋ္ဌ အမျိုးသမီးအိုပါ မူချင်ဂူရီ-ကာရှီရီသည်လည်းဒဏ်ရာရရှိခဲ့သည်။
အတိုက်အခံခေါင်းဆောင် နယ်ဆင် ချာမီဆာကလည်းဗုံးခွဲလုပ်ကြံမှုကို ရှုတ်ချလိုက်သည်။
“နိုင်ငံရေးအရဘယ်ပုံစံနဲ့ပဲအကြမ်းဖက်သည်ဖြစ်စေ၊ ရှုတ်ချပါတယ်။ ပြီးခဲ့တဲ့ ၃၈ နှစ်တာကာလအတွင်းနိုင်ငံရေးအကြမ်းဖက်မှုတွေ ဒုနဲ့ဒေး ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒီအခြေအနေတွေကိုအဆုံးသတ်ဖို့ အချိန်တန်ပါပြီ”ဟု မစ္စတာချာမီဆာက ပြောသည်။

















