ဘရက်ဇစ်နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲထပ်မံကျင်းပပေးရန် ဆန္ဒပြတောင်းဆို

ဘရက်ဇစ်နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲထပ်မံကျင်းပပေးရန် ဆန္ဒပြတောင်းဆို

လန်ဒန် ဇွန် ၂၄
ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည့် ( ဘရက်ဇစ်) နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမှု နှစ်နှစ်ပြည့်သည့်နေ့တွင် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည်ကိုမလိုလားသည့် ဘရက်ဇစ်ဆန့်ကျင်သူထောင်ပေါင်းများစွာသည် ပြည်သူ့ဆန္ဒခံယူပွဲတစ်ခု ထပ်မံပြုလုပ်ပေးရန် တောင်းဆိုကာ လန်ဒန်မြို့၌ ဆန္ဒပြခဲ့သည်။

အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂမှခွဲထွက်ရန် အစီအစဉ်ကို နှောင့်နှေးမနေသင့်တော့ကြောင်း ဘရက်ဇစ်ထောက်ခံသူများက တောင်းဆိုထားပြီးဖြစ်သည်။ မဲဆန္ဒရှင်များလိုလားသည့် ဘရက်ဇစ်အစီအစဉ် အပြည့်အစုံကို ဝန်ကြီးချုပ်ထရီဆာမေသည် ထုတ်ပြန်ပေးရန်လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကတောင်းဆိုခဲ့သည်။
    ၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်တွင် ဘရက်ဇစ်ဆိုင်ရာပြည်သူ့ဆန္ဒခံယူပွဲကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံသား ၅၂ ရာခိုင်နှုန်းက ခွဲထွက်ရန်မဲပေးခဲ့ပြီး ၄၈ ရာခိုင်နှုန်းက ဆက်နေရန် မဲပေးခဲ့ကြသည်။ ဗြိတိန်သည် ဥရောပသမဂ္ဂမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ထွက်ခွာရမည်ဖြစ်သော်လည်း ကွန်ဆာဗေးတစ်အစိုးရသည် ဥရောပသမဂ္ဂနှင့် စီးပွားရေးအရ မည်ကဲ့သို့ ဆက်လက်ဆက်ဆံရန်ကို တွေဝေနေဆဲဖြစ်သည်။
    ဥရောပသမဂ္ဂအလံများကိုင်ဆောင်ထားသည့် ဘရက်ဇစ်ဆန့်ကျင်သူများသည် လန်ဒန်မြို့လယ်ကိုဖြတ်ပြီး လွှတ်တော်သို့ ချီတက်ကာ ပြည်သူ့ဆန္ဒခံယူပွဲထပ်မံကျင်းပပေးရန် တောင်းဆိုခဲ့သည်။ လူ ၁၀ဝ၀ဝ၀ ခန့်ပါဝင်ချီတက်ခဲ့ကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။ ဥရောပသမဂ္ဂ၏တောင်းဆိုမှုများကို ဗြိတိန်က အလျှော့ပေးဖြည့်ဆည်းပေးခြင်းမပြုရန် တောင်းဆိုသည့် ဘရက်ဇစ်ထောက်ခံသူများကလည်း စင်ပြိုင်ဆန္ဒပြခဲ့သော်လည်း လူဦးရေနည်းပါးခဲ့သည်။
    ဘရက်ဇစ်ကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုကြီးမားမည်ကို အများပြည်သူက သိရှိလာခဲ့သောကြောင့် ဘရက်ဇစ်ကိုဆန့်ကျင်မှုများရှိလာခဲ့ကြောင်း ချီတက်ပွဲကိုစီစဉ်ခဲ့သည့် ပြည်သူ့မဲဆန္ဒလှုပ်ရှားမှုကပြောဆိုခဲ့သည်။ နှစ်နှစ်ကြာခဲ့ပြီးနောက် မတည်သည့် ကတိများကိုသာရရှိခဲ့ပြီး ဘရက်ဇစ်အရိပ်မည်းထိုးမှုကြောင့် စီးပွားရေးထိခိုက်နေကာ အစိုးရအဖွဲ့တွင်းလည်း အဖွဲ့များကွဲနေပြီဖြစ်ကြောင်း စီစဉ်သူတစ်ဦးဖြစ်သည့် ဂျိမ်းစ်မက်ဂရိုရီကပြောဆိုခဲ့သည်။
    ဗြိတိန်ရှိ ကွန်ဆာဗေးတစ်နှင့် အတိုက်အခံလေဘာပါတီခေါင်းဆောင်များက ပြည်သူ့ဆန္ဒခံယူပွဲထပ်မံကျင်းပမည့် အစီအစဉ်ကို ဆန့်ကျင်နေသော်လည်း ယင်းပါတီနှစ်ခုမှ အဖွဲ့ဝင်များကမူ ထပ်မံကျင်းပရန် လိုလားနေသည်။ ဂရင်းနှင့် ဗဟိုဝါဒီ လက်ဘရစ်ဒီမိုကရစ်တစ်တို့ပါဝင်သည့် ပါတီငယ်များကလည်း ဘရက်ဇစ်ပြည်သူ့ဆန္ဒခံယူပွဲတစ်ခုကျင်းပရန် လိုလားနေသည်။