လာ့စ်ဗီးဂတ်စ် ဇွန် ၂၄
လာ့စ်ဗီးဂတ်စ်သို့ ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝေဖန်ခံနေရသည့် နယ်စပ်လူဝင်မှုဆိုင်ရာ မူဝါဒနှင့် မြောက်ကိုရီးယား၏ နျူကလီးယားအရေးများနှင့် ပတ်သက်၍ ကာကွယ်ပြောဆိ်ုခဲ့ကြောင်း သိရသည်။
နီဗားဒါးပြည်နယ်မှ ရီပတ်ဘလီကန်ဆီးနိတ်အမတ် ဒင်းန်ဟီလာ ပြန်လည်ရွေးကောက်ခံရေးကို အားပေးရန် လာ့ဗီးဂတ်စ်သို့ ရောက်ရှိခဲ့သည့် သမ္မတထရမ့်က မက္ကဆီကိုနယ်စပ်မှ လူဝင်မှုအရေး မိမိအစိုးရဆောင်ရွက်ချက် ကောင်းမွန်ကြောင်းနှင့် မိမိ၏ချဉ်းကပ်မှုသည် အမေရိကန်ပြည်ထောင်စု ပိုမိုအင်အားရှိရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြောက်ကိုရီးယားအပေါ် အကောင်းမြင်လွန်းကြောင်း ဝေဖန်မှုများနှင့်ပတ်သက်၍လည်း သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိ်ခဲ့၍ဖြစ်ကြောင်း ထရမ့်က ကာကွယ်ပြောဆိုခဲ့သည်။
မက္ကဆီကိုမှ တရားမဝင် ဝင်ရောက်သူများကို အရေးယူရာတွင် မိဘများနှင့်သားသမီးများ ခွဲခြားထိန်းသိမ်းထားကြောင်း သိရှိရပြီးနောက် ပြင်းထန်သည့်ဝေဖန်မှုများ ထွက်ပေါ်လာ၍ ယင်းခွဲခြားထိ်န်းသိမ်းမှုကို ပယ်ဖျက်ကြောင်း ဇွန် ၂၀ ရက်၌ သမ္မတထရမ့် ပြန်လည်ညွန်ကြားခဲ့ရသည်။ သို့သော် ခွဲခြားခံကလေး ၂၃၀ဝ ကျော်၏ ကံကြမ္မာမရေရာသေးဘဲရှိပြီး ဇွန် ၂၃ ရက်က ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားနှင့် တက္ကဆက်တို့တွင် ဆန္ဒပြကန့်ကွက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
မြောက်ကိုရီးယားနှင့်ပတ်သက်၍လည်း ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီးစတွင် ၄င်းတို့သည် နျူကလီးယားလုံးဝကင်းစင်ရေး ဆောင်ရွက်တော့မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည့်ထရမ့်သည် ယခုနောက်ဆုံး၌ မြောက်ကိုရီးယား နျူကလီးယား အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ပြောဆိုကာ ပိတ်ဆို့မှုများကို ထပ်မံအတည်ပြုခဲ့သည်။

















