တွံတေးမြို့နယ်တွင် ဆိုင်ကယ်စီးနင်းသူထံမှ ရွှေဆွဲကြိုး ၃ ကျပ်သား လုယူခဲ့သူ ၂ ဦးကို သက်ဆိုင်ရာက အမှုဖွင့်တိုင်ကြားပြီး နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း တွံတေးရဲစခန်းမှ သိရသည်။
ဇွန် ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် ကော့မှူးမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ကယ်ရီဖြင့် နတ်စင်ကုန်းမှ တရုတ်ကုန်းကျေးရွာဘက်သို့ ဗိုလ်ချုပ်လမ်းအတိုင်း စီးနင်း လိုက်ပါလာစဉ် တရုတ်ကုန်းရွာ အနီးအရောက် အမျိုးသားနှစ်ဦးစီးနင်း မောင်းနှင်လာသော အမျိုးအစားမသိ၊ နံပါတ်ပြားမပါရှိသည့် ဆိုင်ကယ်မှာ ၄င်းစီးလာသည့် ဆိုင်ကယ်နားသို့ကပ်လိုက်လာပြီး လည်ပင်းတွင်ဆွဲထားသော အလေးချိန် (၃)ကျပ်သား ရွှေဆွဲကြိုးကို လုယူမောင်းနှင် ထွက်ပြေးခဲ့ သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ကော့မှူးမြို့မရဲစခန်းက(ပ)၂၆၃/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့် စုံစမ်းခဲ့သည်။ အဆိုပါလုယူခံရမှုနှင့်ပတ်သက်၍ ဆက်စပ်နယ်မြေရဲစခန်းများနှင့် တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့များထံသို့ အကြောင်းကြားခဲ့ရာ ညနေ၄ နာရီ အချိန်ခန့်တွင် ဒလမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အမှုဖြင့် မသင်္ကာသူ ကော့မှူးမြို့နယ် ထန်းတပင်ကျေးရွာနေ ရန်လင်းနိုင်(ခ) ရဲလင်းနိုင်၊ (၂၅)နှစ်နှင့် ဝင်းဆန်းကျော်၊ (၁၉)နှစ်တို့ကို တာကြီးရပ်ကွက်၊ ဒလ-တွံတေး ကားလမ်းမပေါ်တွင် တွေ့ရှိဖမ်းဆီးခဲ့သည်။
၄င်းတို့ ၂ ဦးစီးနင်းလာသည့် နံပါတ်ပြားမပါ Kenbo အမျိုး အစားဆိုင်ကယ်တူးဘောက် အတွင်းမှ အပေါင်ဘောက်ချာ (၂)ရွက်၊ ငွေကျပ် ၁,၇၉၄,၃၀ဝတို့အား ရှာဖွေ့တွေ့ရှိခဲ့ပြီး တိုင်ကြားထားသည့် လုယူမှုကို ကျူးလွန်ခဲ့ကြောင်း၊ လုယူခဲ့သည့် ရွှေဆွဲကြိုးကို ပေါင်နှံခဲ့ပြီး ပြန်လာစဉ် ဖမ်းဆီး ခံရ ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ သက်ဆိုင်ရာက ၄င်းတို့ လုယူခဲ့သည့် ရွှေဆွဲကြိုးပေါင်နှံထားသည့် နေရာမှ သိမ်းဆည်းခဲ့ပြီး အမှုဖြင့် ဆက်လက် အရေးယူထားသည်။

















