ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

လွိုင်လင်မြို့နယ်နှင့် မဘိမ်းမြို့နယ် တို့တွင် ငွေ ကျပ် ၁၆၇၁၉ ဒသမ ၉၇၅သိန်း တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၂၄ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။ 

ဇွန် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင် - နမ့်စန်သွားကားလမ်း၊ နယ်ခြား မှတ်တိုင်တွင် အောင်မျိုး (ခ)ထွန်းမြတ် မောင်းနှင်လာသည့် MARK X မော်တော်ယာဉ်ကိုရှာဖွေခဲ့သည်။ အောင်မျိုး(ခ)ထွန်းမြတ် ဝတ်ဆင်ထားသည့် အင်္ကျီ အိတ်ကပ်အတွင်းမှ အိုက်စ် ၁ ဒသမ ဝ၀၁၅ ကီလိုနှင့် ယာဉ်၏နောက်ထိုင်ခုံ တန်း နှင့်ကြမ်းခင်းကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ဝ၀ ပြား၊ငွေ ၄၀,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် မွန်းလွဲ ၃ နာရီ ခွဲ အချိန် ခန့်တွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာအုပ်စု၊ ဒေသအခေါ် တစ်တောင်ကွေ့၊ ရွှေမျောဟောင်း လျှိုအတွင်းရှိ ယာယီရွက်ဖျင်တဲကို ရှာဖွေရာ ညီသန်းဝင်းအားတွေ့ရှိပြီး တဲခြေရင်းမြေကျင်းထဲရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ,ဝ၀ဝ ပြားနှင့် ဘိန်းဖြူဆပ်ပြာခွက် ၁၇၂ ခွက် (ဘိန်းဖြူအလေးချိန် ၁ ဒသမ ၇၂ ကီလို) တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် ညီသန်းဝင်း(၂၂)နှစ်နှင့် အောင်မျိုး(ခ)ထွန်းမြတ်(၂၉)နှစ်တို့ကိုမူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁/၂၂/(ခ) အရ အမှုဖွင့်အရေးယူထားသည်။