နယ်စပ်လူဝင်မှုနှင့်  မြောက်ကိုရီးယားနျူအရေးများ  လာ့စ်ဗီးဂတ်စ်ရောက် သမ္မတထရမ့်  ကာကွယ်ပြောဆိုခဲ့ရ

နယ်စပ်လူဝင်မှုနှင့်  မြောက်ကိုရီးယားနျူအရေးများ  လာ့စ်ဗီးဂတ်စ်ရောက် သမ္မတထရမ့်  ကာကွယ်ပြောဆိုခဲ့ရ

လာ့စ်ဗီးဂတ်စ်သို့ ရောက်ရှိခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဝေဖန်ခံနေရသည့် နယ်စပ်လူဝင်မှုဆိုင်ရာ မူဝါဒနှင့် မြောက်ကိုရီးယား၏ နျူကလီးယားအရေးများနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ကြောင်း သိရသည်။

ပိုမိုအင်အားရှိ

နီဗားဒါးပြည်နယ်မှ ရီပတ်ဘလီကန်အထက် လွှတ်တော်အမတ် ဒင်းန်ဟီလာ ပြန်လည်ရွေး ကောက်ခံရေးကို အားပေးရန် လာ့စ်ဗီးဂတ်စ်သို့ ရောက်ရှိခဲ့သည့် သမ္မတထရမ့်က မက္ကဆီကို နယ်စပ်မှ လူဝင်မှုအရေး မိမိအစိုးရ ဆောင် ရွက်ချက်ကောင်းမွန်ကြောင်းနှင့် မိမိ၏ချဉ်းကပ်မှုသည် အမေရိကန်ပြည်ထောင်စု ပိုမိုအင်အားရှိရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အကောင်းမြင်လွန်း

ဇွန် ၁၂ တွင် စင်ကာပူ၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် မြောက်ကိုရီးယားအပေါ် အကောင်း မြင်လွန်းကြောင်း ဝေဖန်မှုများနှင့်ပတ်သက် ၍လည်း သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိ်ခဲ့၍ဖြစ်ကြောင်း ထရမ့်က ကာကွယ်ပြောဆို ခဲ့သည်။

ဆန္ဒပြကန့်ကွက်

မက္ကဆီကိုမှ တရားမဝင် ဝင်ရောက်သူများကို အရေးယူရာတွင် မိဘများနှင့်သားသမီးများ ခွဲခြားထိန်းသိမ်းထားကြောင်း သိရှိရပြီးနောက် ပြင်းထန်သည့်ဝေဖန်မှုများ ထွက်ပေါ်လာ၍ ယင်းခွဲခြားထိန်းသိမ်းမှုကို ပယ်ဖျက်ကြောင်း ဇွန် ၂၀ ရက်၌ သမ္မတထရမ့် ပြန်လည်ညွှန်ကြား ခဲ့ရသည်။ သို့သော် ခွဲခြားခံကလေး ၂၃၀ဝ ကျော်၏ ကံကြမ္မာမရေရာသေးဘဲရှိပြီး ဇွန် ၂၃ ရက်က ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားနှင့် တက္ကဆက်တို့တွင် ဆန္ဒပြကန့်ကွက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

မြောက်ကိုရီးယားနှင့်ပတ်သက်၍လည်း ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီးစတွင် ၎င်းတို့သည် နျူကလီးယားလုံးဝကင်းစင်ရေး ဆောင်ရွက် တော့မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည့် ထရမ့်သည် ယခုနောက်ဆုံး၌ မြောက်ကိုရီးယား နျူကလီးယား အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ပြောဆိုကာ ပိတ်ဆို့မှုများကို ထပ်မံအတည်ပြု ခဲ့သည်။