ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည့် (ဘရက်ဇစ်) နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမှု နှစ်နှစ်ပြည့်သည့်နေ့တွင် လန်ဒန်မြို့၌ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည်ကိုမလိုလားသည့် ဘရက်ဇစ်ဆန့်ကျင်သူထောင်ပေါင်းများစွာသည် ပြည်သူ့ဆန္ဒခံယူပွဲတစ်ခု ထပ်မံပြုလုပ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အဖွဲ့ဝင် ၂၈ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂမှခွဲထွက်ရန် အစီ အစဉ်ကို နှောင့်နှေးမနေသင့်တော့ကြောင်း ဘရက်ဇစ်ထောက်ခံသူများက တောင်းဆိုထားပြီးဖြစ်သည်။ မဲဆန္ဒရှင်များလိုလားသည့် ဘရက်ဇစ် အစီအစဉ် အပြည့်အစုံကို ဝန်ကြီးချုပ်ထရီဆာမေသည် ထုတ်ပြန်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်က တောင်းဆိုခဲ့သည်။
၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်၌ ဘရက်ဇစ်ဆိုင်ရာပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ရာ ဗြိတိန်နိုင်ငံသား ၅၂ ရာခိုင်နှုန်းက ခွဲထွက်ရန်မဲပေးခဲ့ပြီး ၄၈ ရာခိုင်နှုန်းက ဆက်နေရန် မဲပေးခဲ့ကြသည်။ ဗြိတိန်သည် ဥရောပ သမဂ္ဂမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ထွက်ခွာရမည်ဖြစ်သော်လည်း ကွန်ဆာဗေးတစ်အစိုးရသည် ဥရောပသမဂ္ဂနှင့် စီးပွားရေးအရ မည်ကဲ့ သို့ ဆက်လက်ဆက်ဆံရန်ကို တွေဝေနေဆဲဖြစ်သည်။
ဥရောပသမဂ္ဂအလံများကိုင်ဆောင်ထားသည့် ဘရက်ဇစ် ဆန့်ကျင် သူများသည် လန်ဒန်မြို့လယ်ကိုဖြတ်ပြီး လွှတ်တော်သို့ ချီတက်ကာ ပြည်သူ့ဆန္ဒခံယူပွဲထပ်မံကျင်းပပေးရန် တောင်းဆိုခဲ့သည်။ လူတစ်သိန်း ခန့်ပါဝင်ချီတက်ခဲ့ကြောင်း စီစဉ်သူများကပြောဆိုခဲ့သည်။ ဥရောပသမဂ္ဂ၏တောင်းဆိုမှုများကို ဗြိတိန်က အလျှော့ပေးဖြည့်ဆည်းပေးခြင်းမပြုရန် တောင်းဆိုသည့် ဘရက်ဇစ်ထောက်ခံသူများကလည်း စင်ပြိုင်ဆန္ဒပြခဲ့ သော်လည်း လူဦးရေနည်းပါးခဲ့သည်။
ဘရက်ဇစ်ကြောင့် စီးပွားရေးအရ ထိခိုက်နစ်နာမှုကြီးမားမည်ကို အများပြည်သူက သိရှိလာခဲ့သောကြောင့် ဘရက်ဇစ်ကိုဆန့်ကျင်မှုများ ရှိလာခဲ့ကြောင်း ချီတက်ပွဲကိုစီစဉ်ခဲ့သည့် ပြည်သူ့မဲဆန္ဒလှုပ်ရှားမှုကပြောဆိုခဲ့သည်။ နှစ်နှစ်ကြာခဲ့ပြီးနောက် မတည်သည့် ကတိများကိုသာ ရရှိခဲ့ပြီး ဘရက်ဇစ်အရိပ်မည်းထိုးမှုကြောင့် စီးပွားရေးထိခိုက်နေကာ အစိုးရအဖွဲ့တွင်းလည်း အဖွဲ့များကွဲနေပြီဖြစ်ကြောင်း စီစဉ်သူတစ်ဦး ဖြစ်သည့် ဂျိမ်းစ်မက်ဂရိုရီကပြောဆိုခဲ့သည်။

















