ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဆွဲကြိုးချပုပ်ပွသေဆုံးနေသည့်အလောင်းတွေ့ရှိ

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဆွဲကြိုးချပုပ်ပွသေဆုံးနေသည့်အလောင်းတွေ့ရှိ

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ နေအိမ်တစ်ခု၏ နောက်ဖေးခန်းအတွင်း ဆွဲကြိုးချပုပ်ပွသေဆုံး နေသည့်အလောင်းတွေ့ရှိမှုကို သက်ဆိုင်ရာက ဇွန် ၂၄ ရက်တွင် သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။ 

အဆိုပါနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (၅) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းပေါ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ အပုပ်နံ့များရကြောင်း အဆိုပါနေအိမ်ရှေ့တွင် ဖွင့်လှစ်ထားသည့် စတိုးဆိုင်မှ အမျိုးသားတစ်ဦးက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထိုသို့ အကြောင်းကြားခဲ့သဖြင့် ဒုရဲမှူးကိုကိုလွင်နှင့်အဖွဲ့က သွားရောက် စစ် ဆေးခဲ့သည်။ 
ယင်းနေအိမ်အတွင်း စစ်ဆေးရာ နေအိမ်နောက်ဖေးထုတ်တန်းတွင် အမျိုးသား တစ်ဦးဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ အဆိုပါနေအိမ်တွင်နေထိုင်သူ စည်သူအောင်(၃၅ နှစ်)ဖြစ်ပြီး လည်ပင်း ကြိုးပွန်းဒဏ်ရာမှအပ ပြင်ပဒဏ်ရာမရှိဘဲ ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။  သေဆုံးသူမှာ လွန်ခဲ့သော ၃ လခန့်မှစတင်ကာ အဆိုပါနေအိမ်တွင် တစ်ဦးတည်း ငှားရမ်းနေထိုင်သူဖြစ် ကြောင်းသိရသည်။ 
အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၁၇ ဖြင့် လက်ခံထားပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။