စမ်းချောင်းမြို့နယ်တွင် ခွက်မှောက် လောင်းကစား ပြုလုပ်နေသူ ၂ ဦးကို လောင်းကြေးငွေများနှင့်အတူ သက်ဆိုင်ရာက ဇွန် ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း စမ်းချောင်းမြို့မ ရဲစခန်းမှ သိရသည်။
အဆိုပါနေ့ ညနေ ၃ နာရီ ခွဲအချိန်ခန့်တွင် စမ်းချောင်းမြို့နယ် မြေနီကုန်းမြောက်ရပ်ကွက် ပြည်လမ်း မဟာမြိုင်ကားမှတ်တိုင်အနီး ခွက်မှောက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ စမ်းချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် သန်းထိုက်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါနေရာတွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဇော်ဝင်းနိုင်(၁၉ နှစ်)နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ စိုးကိုကိုနိုင်(၁၉ နှစ်)တို့ ကို အလျား ၁၈ လက်မ၊ အနံ ၉ လက်မခန့်ရှိ ဗီနိုင်းတစ်ချပ်နှင့်အတူ ဖမ်းဆီးတွေ့ရှိခဲ့သည်။
အဆိုပါဗီနိုင်းပေါ်တွင် စက်ဝိုင်းပုံအစိမ်းရောင်နှင့် အနီရောင် ရောင်ပြန်ကပ်ခွာတို့ကို ချယ်သထားပြီး အစိမ်းရောင်၊ အနီရောင် ကပ်ခွာများပါရှိသည့် လီဗာပူးစတေကာကပ်ခွာကပ်ထားသည့် စတီးခွက် ၂ ခွက်နှင့် လောင်းကြေးကျပ် ၉၄၅၀ဝ တို့နှင့်အတူ လောင်းကစားပြုလုပ်ရန် ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့သည်။
စမ်းချောင်းမြို့မရဲစခန်းက (ပ)၂၃၄/၁၈ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားသည်။

















