ဝါရှင်တန် ဇွန် ၂၅
တရုတ် ရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းနှင့်အထက် ပါဝင်သည့် ကုမ္ပဏီများက အမေရိကန်ရှိ နည်းပညာအခြေခံသော လုပ်ငန်းများကို ဝယ်ယူခွင့်အား ပိတ်ပင်မည့် ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲလျက်ရှိကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန်များအပေါ် အခွန်တိုးကောက်မှုကြောင့် နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် ယခုလို တရုတ်ကုမ္ပဏီများက အမေရိကန် နည်းပညာကုမ္ပဏီများကို ဝယ်ယူခွင့် ကန့်သတ်မှု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရုတ်သည် ဖက်စပ်လုပ်ငန်းများကို ခုတုံးလုပ်ကာ အမေရိကန် နည်းပညာများကို တရုတ်သို့ တရားမဝင် လွှဲပြောင်းရယူနေကြောင်း အမေရိကန်အစိုးရက စွပ်စွဲကာ တရုတ်သွင်းကုန် ၃၄ ဘီလျံ ဒေါ်လာဖိုးအပေါ် အခွန်တိုးကောက်မည့် အစီအစဉ်သည်လည်း ဇူလိုင် ၆ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။
စုစုပေါင်း ဒေါ်လာ ဘီလျံ၄၅၀ ဖိုးထိ ကုန်စည်များအပေါ် အမေရိကန်က အခွန်တိုးကောက်ရန် စီစဉ်ထားသည်။
သတင်းနှင့်နည်းပညာ၊ လေကြောင်းလုပ်ငန်း၊ ရေကြောင်းအင်ဂျင်နီယာ၊ ဆေးဝါး၊ နည်းပညာမြင့် ယာဉ်များ၊ စက်ရုပ်နည်းပညာနှင့် အခြားသော နည်းပညာမြင့် စက်မှုလုပ်ငန်းကဏ္ဍများမှ အမေရိကန် ကုမ္ပဏီများကို တရုတ်ရင်းနှီးမြှုပ်နှံမှု ၂၅ ရာခိုင်နှုန်းနှင့်အထက် ပါဝင်သော ကုမ္ပဏီများ ဝယ်ယူခွင့်မရှိအောင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကန့်သတ်သွားမည်ဖြစ်သည်။
အထက်ပါ အဆင့်မြင့်နည်းပညာ မူပိုင်ခွင့်များ အမေရိကန်နိုင်ငံတွင်းမှ ထွက်မသွားစေရန်အတွက်လည်း ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်လုံခြုံရေးကောင်စီတို့သည် ပို့ကုန်ဆိုင်ရာ ကြပ်မတ်ကွပ်ကဲမှု စည်းမျဉ်းသစ်များ ရေးဆွဲရန်ရှိကြောင်းလည်း သိရသည်။

















