ဘာလင် ဇွန် ၂၄
ဂျာမနီအနောက်ပိုင်း၊ ဝုပါ့တ်ထယ်လ်မြို့ရှိ အဆောက်အအုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အဆောက်အအုံ ပြိုကျပျက်စီးခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။
သုံးထပ်မြင့်အအောက်အအုံသည် ဇွန် ၂၃ ရက်ညက ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲ၍ အဆောက်အအုံ ပြိုကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ဒဏ်ရာရရှိသူများအနက် ၄ ဦး ဒဏ်ရာပြင်းထန်၍ ဆေးရုံတင် ကုသထားကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းလည်း သိရသည်။
ယင်းတိုက်အနီး ရပ်ထားသည့်ကားတစ်စီးလည်း ပျက်စီးကာ ပတ်ဝန်းကျင်တိုက်များမှ ပြတင်းမှန်များလည်း ကွဲအက်ခဲ့သည်။ ဇွန် ၂၄ ရက် မနက်ထိ ပေါက်ကွဲမှုမှလောင်သည့်မီးကို ထိန်းချုပ်ရဆဲဖြစ်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများက လမ်းပေါ် ပြန့်ကြဲနေသည့် အပျက်အစီးများကို ဖယ်ရှားခဲ့ရသည်။
ပေါက်ကွဲမှုသည် အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုနှင့် ဆက်နွှယ်ခြင်း ရှိမရှိကို ရဲတပ်ဖွဲ့က မှတ်ချက်မပေးသေးပေ။

















