ဆိုးလ် ဇွန် ၂၅
ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီး ဖြန့်ချထားသည့် မြောက်ကိုရီးယား၏ တာဝေးပစ် သမားရိုးကျလက်နက်ကြီးများ ဖယ်ရှားပေးရေးဖြစ်နိုင်ခြေကို တောင်နှင့်မြောက်ကိုရီးယား အရာရှိများ ဆွေးနွေးနေကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ်က ဇွန် ၂၅ ရက်၌ ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားသည် တာဝေးပစ်အမြောက်ကြီးများနှင့် အတွဲလိုက်ပစ်ဒုံးကျည် ၁၀ဝ၀ ခန့်ကို နယ်စပ်၌ချထားရာ ယင်းတို့သည် တောင်ကိုရီးယား၏ ဆိုးလ်မြို့တော်နှင့်တကွ လူနေထူထပ်သည့်ဧရိယာများကို ပစ်ခတ်နိုင်သည်။ ၁၉၅၀ - ၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲအပစ်ရပ်ခဲ့သည့် ၆၈ နှစ်မြောက်အခမ်းအနားတွင် တောင်ကိုရီးယားဝန်ကြီးချုပ် လီနက်ယွန်က ယင်းလက်နက်ကြီးများအရေး ဆွေးနွေးနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လများအတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုခြေလှမ်းများ လှမ်းနိုင်ခဲ့ကြောင်း၊ ရှေ့တန်းကျကျ ဖြန့်ချထားသည့် ပြုံယမ်း၏လက်နက်ကြီးများ နောက်ပြန်ရွှေ့ပေးရေး အပါအဝင် နှစ်နိုင်ငံစစ်ဘက်ဆွေးနွေးမှုများလည်း ပြုလုပ်နေကြောင်း လီနက်ယွန်က ရှင်းပြခဲ့သည်။ ယင်းသတင်းနှင့်ပတ်သက်၍ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကမူ မှတ်ချက်မပေးသေးပေ။
၂၀၁၆ က ထုတ်ပြန်ခဲ့သည့် တောင်ကိုရီးယားကာကွယ်ရေးဌာန၏ စက္ကူဖြူစာတမ်းတစ်စောင်အရ နျူနှင့် တိုက်ချင်းပစ်ဒုံးကျည်များအပြင် မြောက်ကိုရီးယား၏ သမားရိုးကျတာဝေးပစ်လက်နက်ကြီးများသည်လည်း ဆိုးလ်အတွက် အဓိကခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း၊ လူဦးရေ ၁၀ သန်းနေထိုင်သည့် ဆိုးလ်မှ ကီလိုမီတာ ၄၀ မှ ၅၀(၂၅ မိုင်မှ မိုင် ၃၀) အကွာ နယ်စပ်တွင် ယင်းလက်နက်ကြီးများ ရှိနေကြောင်း ဖော်ပြခဲ့သည်။
အမေရိကန်နှင့်တောင်ကိုရီးယားတို့ နယ်စပ်တွင်ဖြန့်ချထားသည့် အမြောက်ကြီးများဖယ်ရှားရေးကို ပြုံယမ်းဘက်က အပြန်အလှန်တောင်းဆိုဖွယ်ရှိကြောင်းလည်း တောင်ကိုရီးယားမီဒီယာများက ရေးသားခဲ့သည်။ တောင်ကိုရီးယားတွင် အမေရိကန်စစ်သည်အင်အား ၂၈၅၀ဝ ဖြန့်ချထားသည်။
ဇွန် ၂၅ ရက်တွင် ကိုရီးယားနှစ်နိုင်ငံတို့သည် စစ်ဘက်အရေးပေါ်ဆက်သွယ်လိုင်းများ အပြည့်အဝ ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးကြမည်ဟူ၍လည်း သိရသည်။

















