မက္ကဆီကိုတွင် မြို့တော်ဝန်လောင်း သတ်ဖြတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့တစ်ခုလုံးကို ထိန်းသိမ်း

မက္ကဆီကိုတွင် မြို့တော်ဝန်လောင်း သတ်ဖြတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့တစ်ခုလုံးကို ထိန်းသိမ်း

မက္ကဆီကို စီးတီး     ဇွန်  ၂၅ 
    မက္ကဆီကိုနိုင်ငံ အိုကမ်ပိုမြို့တွင် မြို့တော်ဝန်ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး သတ်ဖြတ်ခံရမှုတွင် လက်သည်ဟု သံသယဖြစ်ခံရသော ထိုမြို့ ရဲတပ်ဖွဲ့တစ်ခုလုံးကို ပြည်ထောင်စုရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း သိရသည်။

အသက်  ၆၄  နှစ်အရွယ် ဖာနန်ဒို အန်ဂျီလက်စ် ဟွာရက်သည် ဇွန် ၂၁ ရက်က နေအိမ်အနီး မည်သူမည်ဝါ မသိရသေးသော သေနတ်သမားများ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ ဇူလိုင် ၁  ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မက္ကဆီကိုတွင် သတ်ဖြတ်ခံရသည့် နိုင်ငံရေးသမား တစ်ရာကျော်သွားပြီ ဖြစ်သည်။ မစ္စတာ အန်ဂျီလက်စ်သည် နိုင်ငံအနောက်ပိုင်း မီချိုကန်ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း သုံးဦးမြောက် အသတ်ခံရသည့် နိုင်ငံရေးသမားလည်း ဖြစ်သည်။ 
    အိုကမ်ပိုမြို့ ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ဒေသဆိုင်ရာ အများပြည်သူ လုံခြုံရေး တာဝန်ခံတို့ကို ပြည်ထောင်စုရဲတပ်ဖွဲ့က ဇွန် ၂၄ တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။ မစ္စတာ အန်ဂျီလက်စ်သည် အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံနုသေးသူ ဖြစ်သည်။ 
    မစ္စတာ အန်ဂျီလက်စ်ကို သတ်ဖြတ်သူမှာ အိုကမ်ပိုမြို့ အများပြည်သူ လုံခြုံရေး တာဝန်ခံ အိုစကာ ဂွန်ဇာလက် ဂါစီယာ ကိုယ်တိုင်ဖြစ်ကြောင်း အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီးနောက် မစ္စတာ ဂွန်ဇာလက် ကို ဖမ်းဆီးရန်  အိုကမ်ပိုမြို့သို့ ဇွန် ၂၃ ရက်က ပြည်ထောင်စု ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် မြို့ခံရဲတပ်ဖွဲ့က တားဆီးခဲ့သည်။ ဇွန် ၂၄ ရက်တွင် ပြည်ထောင်စုရဲတပ်ဖွဲ့က အင်အားဖြည့်ကာ ပြန်ရောက်လာပြီး အိုကမ်ပိုမြို့ ရဲတပ်ဖွဲ့တစ်ခုလုံးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 
    အိုကမ်ပိုမြို့ ရဲအရာရှိများနှင့် မစ္စတာ ဂွန်ဇာလက်တို့သည် ဒေသတွင်း မူးယစ်ဂိုဏ်းများနှင့်လည်း ပတ်သက်နေသူများဖြစ်ကြောင်း အစိုးရရှေ့နေများက စွပ်စွဲထားသည်။