ဝါရှင်တန် ဇွန် ၂၅
အမေရိကန်ပြည်ထောင်စုတွင်းသို့ မက္ကဆီကိုမှ တရားမဝင် ဝင်ရောက်သူများသည် ကျူးကျော်သူများဖြစ်ပြီး ရုံးတင်စစ်ဆေးစီရင်ခြင်းမပြုဘဲ ပင်ရင်းနိုင်ငံသို့ အလျင်အမြန်ပြန်ပို့ခံရမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်၌ ပြောဆိုလိုက်သည်။
သမ္မတထရမ့်၏ ယင်းမှတ်ချက်သည် ၄င်းကိုင်ဆောင်ကျမ်းကျိန်ခဲ့သည့် အမေရိကန်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန်လူမှုလွတ်မြောက်ရေးအသင်းကြီးက တုံ့ပြန်ခဲ့သည်။ ကျူးကျော်သူများ နိုင်ငံတွင်း ချဉ်းနင်းခွင့်မပြုနိုင်ကြောင်း၊ ၄င်းတို့ကိုရုံးတင်မနေဘဲ ပင်ရင်းနိုင်ငံသို့ အမြန်ပြန်ပို့ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လူဝင်မှုမူဝါဒသည် ရယ်သွမ်းသွေးစရာဖြစ်နေကြောင်း၊ မိဘမပါဘဲ ဝင်ရောက်လာသည့်ကလေးများနှင့်ပတ်သက်၍ မိမိတို့ကို တစ်ကမ္ဘာလုံးက လှောင်ပြောင်နေကြကြောင်း၊ အမေရိကန်ပြန်လည်ကြီးမြတ်ရေး ကူညီနိုင်သူများကိုမူ မိမိတို့အလိုရှိကြောင်း ထရမ့်က ပြောဆိုခဲ့သည်။
နယ်စပ်မှ တရားမဝင်ဝင်ရောက်သူများအား မိဘများနှင့် သားသမီးများခွဲခြားထိန်းသိမ်းထားမှုကို အပြင်းအထန် ဝေဖန်ပြစ်တင်ခံရ၍ ယင်းမူဝါဒကိုရုပ်သိမ်းလိုက်ပြီးနောက် ထရမ့်က နယ်စပ်မှဝင်ရောက်သူများအား ကျူးကျော်သူများဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ မေနှင့်ဇွန်အတွင်း တရားမဝင်ဝင်ရောက်သူတို့၏ ကလေး ၂၃၀ဝ ကျော် မိဘများနှင့် ခွဲခွာခံခဲ့ရပြီး အရွယ်ရောက်သူများသည် ရာဇဝတ်ကြောင်းနှင့် ချုပ်နှောင်ခံခဲ့ရခြင်းဖြစ်သည်။
ရီပတ်ဘလီကန်များကပါ အဝေဖန်ခံနေရသည့် သမ္မတထရမ့်၏ ယခုပြောဆိုမှုတွင် စီးပွားရေးအရ ရွှေ့ပြောင်းဝင်ရောက်သူနှင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူများကို အထူးပြုဖော်ပြခဲ့ခြင်းမရှိပေ။ စောစောပိုင်းပင် ရွှေ့ပြောင်းများအပေါ် သမ္မတထရမ့်၏စွပ်စွဲမှုများနှင့်ပတ်သက်၍ ရီပတ်ဘလီကန်အမတ် အိုင်လန်နာရော့စ်လက်တီနန်က အခြေအမြစ်မဲ့လေလုံးထွားမှုဖြင့် ကောင်းမွန်သည့်ဘဝသစ်ရှာဖွေလိုသူများ၏ လူ့ဂုဏ်သိက္ခာကို ချိုးဖဲ့နေကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ မေ ၅ ရက်မှ ဇွန် ၉ ရက်အတွင်း တရားမဝင် ဝင်ရောက်သူ မိဘ ၂၂၀၆ ဦးနှင့် ၄င်းတို့၏ကလေး ၂၃၄၂ ဦးကို ခွဲခွာခဲ့သည်။ ပြည်ထောင်စုဥပဒေအရ ကလေးများကို ရက် ၂၀ ထက် ကျော်လွန်ထိန်းသိမ်းမှုမပြုရန် ကန့်သတ်ထားသည်ကို သမ္မတထရမ့်၏ ညွန်ကြားချက်ဖြင့် ကန့်သတ်ချက်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကာ ဇွန် ၂၀ ရက်တွင် ယင်းခွဲခွာမှု မူဝါဒကို ထရမ့်က ပြန်ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။

















