အဘူဂျာ ဇွန် ၂၅
နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ပလာတိုပြည်နယ်တွင် လယ်သမားများနှင့် ကျွဲနွားကျောင်းသူများရန်ပွဲကြောင့် ၈၆ ဦးထိသေဆုံးသွားခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ကပြောသည်။
ဇွန် ၂၁ ရက်တွင် ဘာရွမ် လူမျိုးစုလယ်သမားများကဖူလာနီလူမျိုးစု ကျွဲနွားကျောင်းသူများကိုဦးစွာတိုက်ခိုက်မှုကြောင့် ဖူလာနီငါးဦးသေဆုံးခဲ့ရပြီးနောက် အပြန်အလှန် အညှိုးထားတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောသည်။ ထိုဧရိယာသည် ပြိုင်ဘက်လူမျိုးစုများအကြား ပြီးခဲ့သည့် ဆယ်စုနှစ်များတောက်လျှောက် မြေယာပိုင်ဆိုင်မှုအတွက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာဒေသလည်း ဖြစ်သည်။ ပလာတိုပြည်နယ်အတွင်းဒေသသုံးခုတွင် ညမထွက်ရအမိန့်များလည်းထုတ်ပြန်ထားသည်။ လူမျိုးစုချင်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာဒေသများရှိကျေးရွာများကိုဝင်ရောက်ရှာဖွေရာတွင် သေဆုံးသူ ၈၆ ဦးထိတွေ့ရှိခဲ့ရပြီး၊ ဒဏ်ရာရသူခြောက်ဦးရှိကြောင်းလည်းပလာတိုပြည်နယ် ရဲကော်မရှင်နာမင်းကြီးအန်ဒီအေဒီကပြောသည်။
အိမ် ၅၀ မီးရှို့ဖျက်ဆီးခံရသလို၊ ဆိုင်ကယ် ၁၅ စီး၊ ကား နှစ်စီးလည်းမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေသောရီယွမ်၊ ဘာရီကင် လာဒီနှင့် ဟိုဆောက်သ် ဒေသတို့တွင် ည ၆၊ မနက် ၆ မထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ပြည်နယ်အစိုးရကလည်းပြောသည်။
တည်ငြိမ်မှု ပျက်ယွင်းခဲ့သည့် ဒေသများတွင် တည်ငြိမ်မှု ပြန်လည်တည်ဆောက်နိုင်အောင် ကြိုးပမ်းလျက်ရှိပြီး၊ လူမျိုးစုချင်းမုန်းတီးမှု ဖြစ်စေသည့် လက်သည်တရားခံများကိုလည်းဖော်ထုတ်အရေးယူသွားမည်ဟု ပြည်နယ် အုပ်ချုပ်ရေးမှူးဆိုင်မွန် လာလွန်ကပြောသည်။ နိုင်ငံအလယ်ပိုင်းဒေသများသည် လူမျိုးစုချင်းတိုက်ပွဲများ ဖြစ်ပွားတတ်သဖြင့် ဘန်နျူ၊ နာဆာရာဝါနှင့် တာရာဘာပြည်နယ်တို့တွင် အထူးတပ်ဖွဲ့များပါ ချထားကာရပ်ရွာတည်ငြိမ်ရေးအားဖြည့်ထားရကြောင်းလည်းသိရသည်။

















