အာဆာမာကာ ဇွန် ၂၅
လွန်ခဲ့သည့် ၁၄ လအတွင်း ကိုယ်ဝန်ဆောင်များနှင့်ကလေးများအပါအဝင် ရွှေ့ပြောင်းဝင်ရောက်သူ ၁၃၀ဝ၀ ကျော်ကို ဆာဟာရသဲကန္တာရထဲတွင် အယ်လ်ဂျီးရီးယားအစိုးရက သွားရောက်စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ရိက္ခာနှင့်သောက်ရေမပါရှိဘဲ ခြေလျင်သွားရောက်စေခြင်းဖြစ်ကာ ရံဖန်ရံခါ သေနတ်ဖြင့်ချိန်ရွယ် နှင်ထုတ်ခြင်း ဖြစ်ကြောင်း၊ အပူချိန် ၄၈ ဒီဂရီစင်တီဂရိတ်(၁၁၈ ဒီဂရီဖာရင်ဟိုက်)အောက်တွင် ရွှေ့ပြောင်းများ အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးသည်။ ၁၅ ကီလိုမီတာခရီးကို ဖြတ်သန်းပြီး ကံကောင်းသူအချို့ နိုင်ဂျာသို့ရောက်ရှိခဲ့ပြီး အချို့ကို ကုလသမဂ္ဂတပ်များက ကယ်ဆယ်ခဲ့ရကာ ရှင်ကျန်သူနှစ်ဒါဇင်ကျော်ကို အေပီသတင်းဌာနက တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ အမျိုးသမီးများ လဲကျသေဆုံးခဲ့ကြပြီး အမျိုးသားများလည်း လမ်းပျောက်၍သေဆုံးကြကြောင်း ရှင်ကျန်သူအချို့ကပြောသည်။
ဥရောပသို့ မြေထဲပင်လယ်မှတစ်ဆင့် ရွှေ့ပြောင်းများဦးတည်လာမှုအပေါ် ဥရောပသမဂ္ဂက အနောက်အာဖရိက နိုင်ငံများအား ဖိအားပေးမှုများ အသစ်တဖန်ပြုလုပ်လာပြီးနောက် ၂၀၁၇ အောက်တိုဘာက စတင်ကာ
အယ်လ်ဂျီးရီးယားက ယင်းကဲ့သို့ ရွေးချယ်နှင်ထုတ်မှု ပြုလုပ်လာခဲ့သည်။ အချုပ်အချာပိုင်နိုင်ငံတစ်ခုအနေဖြင့် ရွှေ့ပြောင်းများကို နိုင်ငံတကာဥပဒေနှင့်အညီ နှင်ထုတ်ခွင့်ရှိကြောင်း၊ အယ်လ်ဂျီရီးယားလုပ်ဆောင်ပုံကို သတိနှင့် စောင့်ကြည့်နေကြောင်း ဥရောပသမဂ္ဂပြောခွင့်ရသူကပြောသည်။
အယ်လ်ဂျီးရီးယားမှ နိုင်ဂျာသို့ ခြေလျင်ဝင်ရောက်သူ စုစုပေါင်း ၁၁၂၇၆ ဦး ရှိခဲ့ကြောင်း၊ မာလီသို့ရောက်ရှိသူ ၂၅၀ဝ ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။ ဆာဟာရသဲကန္တာရသည် သေဆုံးသူများအတွက် သဲလွန်စအနည်းငယ်သာ ချန်ရစ်ကြောင်း၊ နိုင်ငံတကာ ရွှေ့ပြောင်းဆိုင်ရာအဖွဲ့အစည်း (အိုင်အိုအမ်)က ရွှေ့ပြောင်းများသည် မြေထဲပင်လယ်ကို ဖြတ်သန်းခြင်းသည်လည်း ဆာဟာရကိုဖြတ်သန်းရ သလောက်နီးနီး သေဆုံးနိုင်ခြေရှိသည်ကို သိရှိကြောင်း ပြောဆိုခဲ့သည်။
၂၀၁၄ မှစကာ ဆာဟာရသဲကန္တာရအတွင်း ပျောက်ဆုံးသူ ရွှေ့ပြောင်းဝင်ရောက်သူ ၃၀ဝ၀ဝ ခန့် ရှိပြီဟုလည်း သိရသည်။

















