အစ္စတန်ဘူလ် ဇွန် ၂၅
တူရကီနိုင်ငံ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ရီဆပ် တေရစ် အာဒိုဂန်သည် ပထမအကျော့ ရွေးကောက်ပွဲ၌အောင်ပွဲရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာသည်။
သမ္မတ အာဒိုဂန်သည် လုံလောက် ခိုင်မာသော မဲပမာဏ ပြည့်မီအောင် ရရှိခဲ့ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဆာဒီ ဂူဗန်က ပြောသည်။ မဲ ၉၉ ရာခိုင်နှုန်းထိ ရေတွက်ပြီးချိန်တွင် မစ္စတာ အာဒိုဂန်သည် ၅၃ ရာခိုင်နှုန်းထိ ရရှိခဲ့ပြီး ဒုတိယအများဆုံးသူ မူဟာရမ်မှာ ၃၁ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရသည်။
အတိုက်အခံများကမူ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သော်လည်း ဒီမိုကရေစီနည်းလမ်းဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားကြသည်။ ကော်မရှင်၏ နောက်ဆုံးအတည်ပြုချက် တရားဝင် မဲရလဒ်များကိုကား ဇွန် ၂၉ ရက်တွင်မှ ကြေညာမည်ဖြစ်သည်။ မစ္စတာ အာဒိုဂန်သည် သမ္မတ သက်တမ်းသစ်တွင် လုပ်ပိုင်ခွင့်ပိုရှိစေမည့် ဖွဲ့စည်းပုံ ဥပဒေသစ်များဖြင့်လည်း အုပ်ချုပ်ခွင့် ရရှိဦးမည်ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ချက်များကို ပြီးခဲ့သည့်နှစ်က ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲ ၅၁ ရာခိုင်နှုန်းဖြင့် ပွတ်ကာသီကာ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲပြီးနောက်တွင် စတင်အသက်ဝင်လာမည်ဖြစ်သည်။ ဥပဒေသစ်အရ သမ္မတလက်တွင်း၌ အာဏာပိုရှိလာမည်ဖြစ်ကာ ဒုသမ္မတနှင့် ဝန်ကြီးများကို သမ္မတစိတ်ကြိုက် ခန့်ထားခွင့်၊ ဖြုတ်ပယ်ခွင့် ရရှိမည်ဖြစ်သလို၊ တရားရေးစနစ်တွင်လည်း သမ္မတသည် ကြားဝင်ချယ်လှယ်ခွင့် ရရှိဦးမည်ဖြစ်သည်။ ထို့အပြင် အရေးပေါ် အခြေအနေကြေညာခွင့်လည်း ရရှိမည်ဖြစ်သည်။
အခြားသော သမ္မတလောင်း လေးဦးသည်လည်း တစ်ဦးလျှင် မဲ ၈ ဒသမ ၄ ရာခိုင်နှုန်းထက်ပင် ပိုမရခဲ့ကြကြောင်းလည်း တွေ့ရသည်။

















