စတမ်းဖို့ဒ် ဇွန် ၂၅
အမေရိကန်နိုင်ငံ ကွန်နက်တီကပ်ပြည်နယ်မှ ပူဒူးဆေးဝါးကုမ္ပဏီရုံးချုပ်ရှေ့တွင် အနုပညာရှင်တစ်ဦးက မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဇွန်းကွေးပုံသဏ္ဍာန်ကို အလေးချိန် ပေါင် ၈၀ဝ ရှိ သံမဏိပန်းပုလက်ရာတစ်ခုဖန်တီး၍ သယ်ဆောင်ချထားကာ ဆန္ဒပြခဲ့သည်။
အနုပညာရှင် ဒိုမီနစ်အက်စ်ပိုစီတိုနှင့် အနုပညာပြခန်းပိုင်ရှင် ဖာနန်ဒို အယ်လ်ဗာရက်ဇ်တို့သည် ၁၁ ပေ နီးပါး ရှည်လျားသည့် ယင်းသံမဏိပန်းပုလက်ရာကို ဇွန် ၂၂ ရက်က စတင်းဖို့ဒ်မြို့ရှိ ပူဒူးဆေးဝါးကုမ္ပဏီရုံးချုပ်ရှေ့ချထားရခြင်းမှာ ပူဒူးမှ ထုတ်လုပ်သည့် အိုပီအိုအစ်ဒ်ဆေးဝါးအလွဲသုံးမှုပြဿနာကို ဆန့်ကျင်ဆန္ဒပြခြင်းဖြစ်သည်။
ယင်းဆန္ဒပြမှုကြောင့် စတမ်းဖို့ဒ်ရဲတပ်ဖွဲ့က အယ်လ်ဗာရက်ဇ်ကို လွတ်လပ်စွာဖြတ်သန်းခွင့်ကို နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခဲ့သည်။ စည်ပင်ဝန်ထမ်းများက ဧရာမဇွန်းကြီးကို ဝန်ချီစက်ဖြင့် မယူပြီး ရဲတပ်ဖွဲ့ထံ သက်သေခံအဖြစ် လွှဲအပ်ခဲ့သည်။
အမေရိကန်ပြည်နယ်အစိုးရများစွာက ပူဒူးဆေးဝါးလုပ်ငန်းသည် လူနာများနှင့် ဆရာဝန်များကို အန္တရာယ်ရှိသည့် အချက်အလက်များ လုံလောက်အောင်အသိမပေးခဲ့ဘဲ အိုပီအိုအစ်ဒ် ခေါ် အောက်စီကိုတင် အကိုက်အခဲပျောက်ဆေးကို ဈေးကွက်မြှင့်တင်ရောင်းချခဲ့ကြောင်း စွပ်စွဲထားသည်။ အိုပီအိုအစ်ဒ်ဆေးစွဲလန်းမှုနှင့် ယင်းဆေး အလွန်အကျွံသုံးစွဲ၍ သေဆုံးမှုများစွာ ရှိခဲ့ကြောင်းလည်း ပူဒူးဆေးဝါး အပြစ်တင်ခံထားရသည်။
စွပ်စွဲချက်များကို ငြင်းပယ်ထားသည့် ပူဒူးဆေးဝါးက အိုပီအိုအစ်ဒ်အကျပ်အတည်းနှင့် ပတ်သက်၍ ဆန္ဒပြသူများ၏ စိုးရိမ်ပူပန်မှုကို လေးစားပါကြောင်း တုံ့ပြန်ခဲ့သည်။ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းနှင့်ပတ်သက်၍ ပူဒူးဆေးဝါးသည် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ပြဿနာများအဖြေရှာရေး ကူညီဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်တွင် အိုပီအိုအစ်ဒ်ဆေးလွန်သေဆုံးမှုသည် ၂၀၁၇ အောက်တိုဘာအထိ တစ်နှစ်အတွင်း ၄၆၀ဝ၀ အထိ ရှိခဲ့ပြီး ယင်းရှေ့တစ်နှစ်တာထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
အနုပညာရှင် အက်စ်ပိုစီတိုက ၄င်း၏မိသားစုသည် ၁၄ နှစ်ရွယ် ညီငယ်တစ်ဦး မူးယစ်ဆေးသုံးစွဲရာမှ အိုပီအိုအစ်ဒ်ဆေးစွဲလန်းမှုပြဿနာပါ ရင်ဆိုင်ခဲ့ရပြီး ထောင်ကျကာ သေလုမျောပါးပင်ဖြစ်ခဲ့ကြောင်း၊ ယင်းကြောင့် မူးယစ်ဆေးစွဲသူများ ဆေးထိုးအပ်ဖြင့် ဆေးမသွင်းမီ ဇွန်းဖြင့် မူးယစ်ဆေးကို အပူပေးလေ့ရှိပုံကို ရည်ညွှန်းကာ အနုပညာလက်ရာဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ဆန္ဒပြခဲ့ကြသော်လည်း အိုပီအိုအစ်ဒ်ဆေးကို အလွယ်တကူ ဝယ်ယူနိုင်ဆဲဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ တစ်စုံတစ်ရာဆောင်ရွက်သင့်ပြီဖြစ်ကြောင်းလည်း အက်စ်ပိုစီတိုက ပြောသည်။

















