ရေကြီး မြေပြိုမှုများကြောင့် ဗီယက်နမ်တွင် ၇ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေ

ရေကြီး မြေပြိုမှုများကြောင့် ဗီယက်နမ်တွင် ၇ ဦးထက်မနည်းသေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေ

ဟနွိုင်း     ဇွန် ၂၅ 
    ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် မိုးကြီးကာ ရေကြီး မြေပြိုမှုများကြောင့် ၇ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ 

အခြေအနေအဆိုးဆုံးဖြစ်သည့် လိုင်ချူပြည်နယ်တွင် ငါးဦး သေဆုံးပြီး၊ ပျောက်ဆုံးနေသူ ၁၂ ဦးကို ရှာဖွေရေးအတွက်လည်း ကယ်ဆယ်ရေးအဖွဲ့များ အပူတပြင်း လှုပ်ရှားလျက်ရှိကြောင်း ပြည်နယ်အစိုးရက ဇွန် ၂၅ တွင် ထုတ်ပြန်ကြေညာသည်။ အနီးရှိ ဟာဂျန်ပြည်နယ်တွင်လည်း မြေပြိုကာ အိမ်ပြိုကျမှုကြောင့် နှစ်ဦး သေဆုံးခဲ့ရကြောင်း ဗီယက်နမ် သဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပြောကြားသည်။ အချို့သော ဒေသများတွင်လည်း မြေပြိုမှုများကြောင့် ကားလမ်းများ ပိတ်ဆို့ကာ သွားလာဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။ နောက်နှစ်ရက်ဆက်တိုက် ဗီယက်နမ် မြောက်ပိုင်းတွင် မိုးကြီးနေနိုင်ကြောင်းလည်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ 
    အရှေ့တောင်အာရှတစ်နိုင်ငံဖြစ်သော ဗီယက်နမ်တွင် နှစ်စဉ် မုန်တိုင်းနှင့် ရေကြီး မြေပြိုခြင်းများကြောင့် ရာနှင့်ချီ သေဆုံးရလျက်ရှိပြီး ဒေါ်လာ သန်းနှင့်ချီကာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။