အောင်ပန်းမြို့တွင် စက်ပျက်ယာဉ်ကို ဆွဲလာသည့် ၆ ဘီးယာဉ် ကြိုးပျက်ကာ အခြားယာဉ်တစ်စီးကို ဝင်ရောက်တိုက်မိခဲ့သဖြင့် နှစ်ဦးဒဏ်ရာရရှိခဲ့မှု ယနေ့ ဇွန် ၂၅ရက် နံနက် ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း အောင်ပန်းနယ်မြေ ရဲစခန်းမှ သိရသည်။
ဇွန် ၂၅ ရက် နံနက် ၈နာရီ ၁၅မိနစ် အချိန်ခန့်တွင် အောင်ပန်းမြို့ မင်္ဂလာကန်အနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ရမည်းသင်းမြို့ တိန်းညက်ကျေးရွာနေ ယာဉ်မောင်း ဆန်းနိုင် (၄၉ နှစ်) မောင်းနှင်သည့် ကင်ဒါ (၆) ဘီးယာဉ်သည် စက်ချို့ယွင်းနေသည့် အီဇူးဇူးယာဉ်ကို စတီးကြိုးတပ်ကာ ဆွဲလာခဲ့သည်။
ထိုသို့ဆွဲလာစဉ် မင်္ဂလာကန်ကုန်းဆင်း မိုင်တိုင်အမှတ်(၇၈ /၇နှင့်၈)ကြားအရောက် ဆွဲလာသည့် စတီးကြိုးမှာပြုတ်၍တစ်ဖက်ယာဉ် ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော အမှတ် ၄၀၇ တပ်မှ DFAC စစ်စိမ်းရောင်(၆)ဘီးယာဉ်ကို တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် DFAC စစ်စိမ်းရောင်(၆)ဘီး ယာဉ်မောင်းတွင် ယာဘက်ခြေသလုံး ကျိူးပဲ့ဒဏ်ရာ၊ ယင်း ယာဉ်ပေါ်တွင် လိုက်ပါလာသူတစ်ဦးတွင် နှာခေါင်းသွေးထွက် ဝဲဘက်ဦးခေါင်းဂျိူဆောင်းဖူးရောင်ဒဏ်ရာတို့ ရရှိခဲ့သည်။ အောင်ပန်းနယ်မြေရဲစခန်းက ယာဉ်(ပ)၂၃/၁၈ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။

















