ရန်ကုန်နေပြည်တော် အမြန်လမ်းမကြီး ပေါ်တွင် လိုက်ထရပ်ဘုရားဖူးယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု ဇွန် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သာဂရအမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။
အဆိုပါနေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရေတာရှည်မြို့နယ် အမြန်လမ်း မိုင်တိုင် (၁၆၇/၃-၄) ကြား၌ ဇော်ထွန်းအောင်(၄၀)နှစ် မောင်းနှင်ပြီး ဦးအောင်ဇော်မြင့်(၄၃) နှစ်ပါ ၁၈ ဦး လိုက်ပါ လာသည့် လိုက်ထရပ်ဘုရားဖူးယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ် ကျွန်းပေါ်သို့ ရောက်ရှိတိမ်း မှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဦးအောင်ဇော်မြင့်ပါ ၁၄ ဦး မှာ ဖူးရောင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ ရသောကြောင့် ယာဉ်မောင်း ဇော်ထွန်းအောင် ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ သာဂရအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၁၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားသည်။

















